နေပြည်တော်  ၃၀  မေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Intergovernmental Panel on Climate – IPCC) တို့ ပူးပေါင်းပြီး "ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ IPCC ၏ အခန်းကဏ္ဍ၊ လှုပ်ရှား ဆောင်ရွက်မှုများနှင့် တွေ့ရှိချက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 

 

mdn

 

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ကြိုဆိုနှုတ်ဆက် အမှာစကား ပြောကြားသည်။  ထို့‌နောက် IPCC Working Group I ၏ ဒုတိယဥက္ကဌ Mr. Panmao Zhai က အဖွင့်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  IPCC မှ ပညာရှင်များ၊ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ သစ်တောတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနအသီးသီးမှ ဖိတ်ကြားထားသူများ၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို ရာသီဥတုပြောင်းလဲမှုများအပေါ် IPCC ၏ အခန်းကဏ္ဍ၊ လှုပ်ရှားဆောင်ရွက်မှုများနှင့် တွေ့ရှိချက်များအား သိရှိလာစေရေး၊ ရာသီဥတု ပြောင်းလဲမှုအပေါ် မူဝါဒချမှတ်သူများအတွက် သိပ္ပံနည်းကျ မူဝါဒများ ချမှတ်နိုင်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုအခြေအနေများကို ဒေသတွင်းရှိ သိပ္ပံနှင့်သုတေသနအသိုင်း အဝိုင်းများ၊ မီဒီယာများ ပိုမိုသိရှိလာစေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်။ 

ဆွေးနွေးပွဲကို မေ (၃၁) ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)