ရှားတော ၄ ဇူလိုင်


ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း ယခုနှစ်မိုးရာသီကာလ မိုးနှမ်းစိုက်ပျိုးချိန်တွင် ယာမြေများ ထွန်ယက်ရာ၌ ယခင်နှစ်ကာလများထက် လယ်ထွန်စက်ကြီးများ ငှားရမ်းအသုံးပြုသူ ပိုမိုများပြားလာကြောင်း ဒေသခံ တောင်သူအချို့ထံမှ သိရသည်။


“ဒီနှစ်မိုးရာသီကာလ နှမ်းစိုက်ပျိုးချိန်မှာ ရှားတောမြို့နယ်အတွင်း လယ်ထွန်စက်ကြီး ကိုးစီးလောက် ငှားရမ်းအသုံးပြု ထွန်ယက်ကြပါတယ်။ စက်မှုလယ်ယာဦးစီးဌာနနဲ့  ပုဂ္ဂလိကပိုင် လယ်ထွန်စက်ကြီးတွေကို ငှားရမ်းအသုံးပြုခဲ့ကြတာပါ။ ထွန်ယက်ခက တစ်နာရီကို ကျပ် ၁၅၀ဝ၀ နဲ့ ကျပ် ၂၀ဝ၀ဝ ကြားမှာ ရှိပါတယ်။ လုံလောက်မှု မရှိလို့ အလုအယက် ငှားရမ်းထွန်ယက်နေရတဲ့ သဘောရှိပါတယ်” ဟု ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။


ယခင်က ရှားတောမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေပြုပြင်ကြရာ၌ လူလုပ်အား ပေါက်ပြားကို အသုံးပြုခဲ့ကြပြီး ၂၀၁၃ ခုနှစ်ခန့်မှ စတင်လျက် တစ်ပိုင်တစ်နိုင် လက်တွန်းထွန်စက်ကလေးများကို ဝယ်ယူထွန်ယက်စိုက်ပျိုး လုပ်ကိုင်ခဲ့ကြရာမှ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် လယ်ထွန်စက်ကြီးများကို တစ်စတစ်စ တိုးချဲ့ငှားရမ်း အသုံးပြုလာကြခြင်းဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။ ယခုနှစ် မိုးရာသီကာလတွင် ယခင်နှစ်ကာလများထက် လယ်ထွန်စက်ကြီးများကို အသုံးပြုလျက် ထွန်ယက်သူ သိသိသာသာ တိုးတက်လာခဲ့သည်။


“ရှားတောမြို့နယ်အတွင်းက ယာမြေအများစုက မြေသစ်တွေဖြစ်ပါတယ်။ ထွန်စက်ကြီးတွေ အလွယ်တကူ ဝင်ရောက်နိုင်အောင် သစ်ငုတ်ဖယ်ရှားတာတွေ၊ မြေညှိတာတွေ အများကြီးပြုပြင်ဆောင်ရွက်ဖို့ လိုအပ်ပါသေးတယ်။ စိုက်ပျိုးချိန်မတိုင်မီ နွေရာသီကာလကတည်းက သစ်ငုတ်ဖယ်ရှားတာတွေ၊ မြေညှိတာတွေ ကြိုတင်လုပ်ထားနိုင်ပါမှ စိုက်ပျိုးချိန်မှာ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ကြမှာ ဖြစ်ပါတယ်။ ယခုအနေအထားမှာတော့ စိုက်ပျိုးချိန်ရောက်မှ ကမန်းကတမ်း ထွန်ယက်ကြတော့ သစ်ငုတ်တွေကြောင့် ထွန်စက်ကြီးတွေ ဝင်ရတာ ခရီးမတွင်ပါဘူး” ဟု ထွန်စက်ကြီး အငှားလိုက်ထွန်ယက်သူ တစ်ဦးက ပြောသည်။


ရှားတောမြို့နယ်အတွင်း နေထိုင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ကြသော်လည်း တစ်နှစ်လျှင် မိုးရာသီကာလတစ်ကြိမ်သာ စိုက်ပျိုးလုပ်ကိုင်ကြပြီး နှမ်းကိုအများဆုံး စိုက်ပျိုးကြသည်။ ယခုအခါ ရှားတောမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ သမဝါယမဦးစီးဌာန အစရှိသည့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တွန်းအားပေးဆောင်ရွက်လျက်ရှိကြသည်။


ရှားတောမြို့နယ်သည် ၅၅၇၃၆၂ ဧကကျယ်ဝန်းပြီး လယ်မြေဧက ၉၀ဝ ကျော်၊ ယာမြေဧက ၃၀ဝ၀ ခန့်၊ ဥယျာဉ်မြေ ၁၉ ဧက ခန့်၊ တောင်ယာမြေဧက ၃၀ဝ၀ ခန့်၊ လှပ်ထားသောယာမြေ ၁၀ဝ၀ ကျော်ခန့်၊ မြို့မြေ ၁၇၅ ဧက၊ ရွာမြေ ဧက ၄၀ဝ၀ ကျော်၊ အခြားမြေဧက ၆၀ဝ၀ ကျော်၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ် တောဧက ၂၇၀ဝ၀ဝ ကျော်၊ တောရိုင်းဧက ၁၀ဝ၀၁၀ ကျော်၊ မြေရိုင်းဧက ၂၆၀ဝ၀ ကျော်၊ စိုက်ပျိုးခြင်း မပြုနိုင်သော ဧရိယာ ဧက ၁၂၀ဝ၀ဝ ကျော်ရှိနေပြီး မြစ်၊ ချောင်းနှင့် စိမ့်စမ်းရေထွက်များ ပေါသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နိုင်ပါက ဖြစ်ထွန်းအောင်မြင်နိုင်ကြောင်း သိရသည်။


ကြီးမြင့်နိုင် (လွိုင်ကော်)