ပွင့်ဖြူ ၂၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များအား ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား သွေးပူလေ့ကျင့်ခန်းများ လာရောက်သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား သွေးပူလေ့ကျင့်ခန်း သင်ကြားပြသရာတွင် မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အားကစားလေ့ကျင့်ခန်းပြုလုပ်ပုံ အဆင့်ဆင့်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အဖွဲ့(၂)ဖွဲ့ခွဲပြီး Myanmar Fitness Dance အကလေ့ကျင့်နည်းစနစ်များ၊ ကိုယ်လက်လှုပ်ရှား သွေးပူလေ့ကျင့်ခန်း အတွဲ(၁ ၊ ၂) နှင့် ခန္ဓာကိုယ် အကြောလျှော့နည်းစနစ်များကို စနစ်တကျ သင်ကြားပြသပေးရာ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စိတ်ဝင်တစ်စား လေ့ကျင့်သင်ကြားခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


