၁၈ သြဂုတ်

 

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေး ဖိုရမ်ကို ရန်ကုန်မြို့တွင် လာမည့်စက်တင်ဘာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

 

အဆိုပါ ဖိုရမ်ကျင်းပခြင်းမှာ မြန်မာ့ရော်ဘာကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအားလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာစိုက်ပျိုးသူ၊ ထုတ်လုပ်သူနှင့် TSR စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရေးအတွက် ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရာတွင် လိုအပ်သော ထိန်းကျောင်းမှုများ ဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း သိရသည်။

 

"ဖိုရမ်ကျင်းပဖို့ လုပ်နေပါတယ်၊ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့က လုပ်ချင်တိုင်း လုပ်လို့မရဘူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ COVID-19 နဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတွေကို လိုက်နာရမယ်၊ အဲဒီဟာတွေနဲ့ ညီအောင်လည်း ကျွန်တော်တို့ ဆောင်ရွက်နေတာလည်း ပါတာပေါ့၊ ခန့်မှန်းတာကတော့ ဒီလကုန်ပြီး ရှေ့လ(စက်တင်ဘာ)ထဲမှာတော့ ကျင်းပနိုင်မှာပါ၊ ကျွန်တော်တို့ အမြန်ဆုံး ကျင်းပနိုင်အောင် လုပ်နေပါတယ်"ဟု ဦးခိုင်မြင့်က ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံမှတင်ပို့နေသော ရော်ဘာကုန်ကြမ်းများသည် နိုင်ငံတကာ စံချိန်စံညွှန်း မမှီဟုဆိုကာ နိုင်ငံတကာပေါက်ဈေးထက် စျေးလျှော့ရောင်းနေရကြောင်း ၎င်းက ဆက်ပြောသည်။

 

"ကျွန်တော်တို့က နိုင်ငံတကာပေါက်စျေးဆိုရင် တစ်တန်ကို ဒေါ်လာ ၁၆၀၀ ဝန်းကျင်လောက် ရှိတာပေါ့၊ ကျွန်တော်တို့ ရောင်းရတဲ့စျေးက တစ်တန်ကို ဒေါ်လာ ၃၀၀/ ၃၅၀ လောက် လျှော့ရောင်းရတယ်၊ နိုင်ငံတကာစံချိန်စံညွှန်း မမီလို့ အရည်အသွေး မမီလို့ဆိုပြီး စျေးလျှော့ရောင်းရတာပေါ့"ဟု ဦးခိုင်မြင့် က ပြောသည်။

 

ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများအား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် အရည်အသွေးပြည့်မီသည့် မြန်မာ့ရော်ဘာများ တင်ပို့နိုင်ရေးအတွက် နည်းပညာဆိုင်ရာ အထောက်အကူများကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်ဆည်းပြီးဖြစ်ကြောင်း၊ ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြားလိုအပ်ချက်များဖြစ်သော ဓာတ်ခွဲခန်းဝန်ထမ်း ထပ်မံဖြည့်တင်းရေး၊ ဓာတ်ခွဲခန်းအဆောက်အဦ တိုးချဲ့ရေးတို့ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA ကဲ့သို့သော ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုး၍ မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း (MNRQTL) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) တွင် တည်ထောင်ထားသည်။

 

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာတွင်လည်း မလေးရှား ရော်ဘာဘုတ်အဖွဲ့ (MRB) မှ ဓာတ်ခွဲခန်းအား Audit လာရောက်စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာ အရည်အသွေးစမ်းသပ်ခြင်း အရည်အချင်းစစ်ဆေးမှုအစီအစဉ်များ (Round Robin Test (or) Proficiency Test) ပါဝင်ဖြေဆိုခဲ့ရာ PT Series (၄) ကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း (International Rubber Association - IRA) အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံတွင် ရော်ဘာ စိုက်ဧက ၁၆ သိန်း ကျော်ရှိပြီး လက်ရှိတွင် အစေးလှီး နိင်သော ရော်ဘာစိုက်ဧကရှစ် သိန်းကျော်ရှိကာ တစ်နှစ်လျှင် ပြည်ပသို့ ရော်ဘာကုန်ကြမ်းများ တရားဝင်တင်ပို့မှုမှ တန်ချိန်နှစ်သိန်းကျော်ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း