နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

လယ်ယာကဏ္ဍအတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်သည့် ရေအရင်းအမြစ်များ စီမံခန့်ခွဲခြင်းဆိုင်ရာ ပြည်ပဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တက်ရောက်၍ ဆွေးနွေးအမှာစကား ပြောကြားသည်။

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နည်းပညာအသစ်များ စဉ်ဆက်မပြတ် လေ့လာနိုင်ရေးနှင့် လုပ်ငန်းအတွေ့အကြုံများ အပြန်အလှန် မျှဝေဖလှယ်နိုင်ရေးအတွက် ကဏ္ဍအလိုက် ပြည်တွင်း ပြည်ပ သင်တန်းများ၊ ဆွေးနွေးပွဲ အတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိရာ ယနေ့ဆွေးနွေးပွဲတွင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မဲခေါင်-ကိုရီးယား ရေအရင်းအမြစ်ဖိုရမ် အတွေ့အကြုံများ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် မြေအောက်ရေစီမံကိန်း အဆင့်-၄ အစည်းအဝေး အတွေ့အကြုံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာ ကျွမ်းကျင်မှုဆိုင်ရာ (မြို့ပြ) စီမံခန့်ခွဲမှု ရေအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုသင်တန်း အတွေ့အကြုံများ၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် ရေရှည်တည်တံ့ပြီး ရာသီဥတုပြောင်းလဲမှု ဒဏ် ခံနိုင်ရည်ရှိသော ရေအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများ နှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး အနေဖြင့် ယခုကဲ့သို့ ပြည်တွင်း ပြည်ပ သင်တန်းများ၊ ဆွေးနွေးပွဲ အတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးပွဲများ ကျင်းပခြင်းသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအပြင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အထောက်အကူ ပြုစေမည့် အချက်အလက်များ ဖော်ထုတ်အသုံးပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်