၈ အောက်တိုဘာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေအသုံးချရေး သုတေသနဌာနစုရှိ သုတေသနပညာရှင်များသည် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေဘဲ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်မြင့်မားရေးနှင့် ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး ရည်ရွယ်၍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရေအသုံးချရေး သုတေသနဌာနစု တာဝန်ခံ ဒေါက်တာအောင်ကျော်သူ ဦးဆောင်သည့် သုတေသန ပညာရှင်များသည် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စပါးမျိုးများ၏ ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုသုတေသန၊ ရေအနည်းလိုအခြေအနေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော စပါးမျိုးများ ရွေးချယ်ခြင်း သုတေသန၊ ကြံသီးနှံမျိုးများ၏ ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှု သုတေသန၊ စပါးစိုက်ခင်းများမှ ထွက်ရှိသော ဖန်လုံအိမ်ဓာတ်ငွေ့ တိုင်းတာခြင်း သုတေသနနှင့် ရေအစက်ချနည်းစနစ်ကို မြေဩဇာရည်နှင့် တွဲဘက်သုံးစွဲခြင်း သုတေသနများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သုတေသနစမ်းသပ်ကွက်များအား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ညွှန်ကြားရေးမှူးချုပ်က သိပ္ပံနည်းကျ ဆောင်ရွက်ထားသော ဆားငန်ဒဏ်ခံ စပါးမျိုးများကို နယ်သုတေသနခြံနှင့် ပူးပေါင်း၍ စိုက်ပျိုးဒေသတွင် ခံနိုင်ရည်ရှိသော မျိုးများထွက်ရှိရေး ဆောင်ရွက်ရန်၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော စမ်းသပ်ချက်များမှ ထွက်ရှိလာသော အပင်အစိတ်အပိုင်းမျာ၊ မျိုးစေ့များအား အပင်ဇီဝနည်းပညာသုတေသနဌာနစုနှင့် ပူးပေါင်း၍စမ်းသပ်ရန်၊ သက်မဲ့ဖိစီးမှု ဒဏ်ခံနိုင်ရည်ရှိသောမျိုးများ ရရှိရန်အတွက် မျိုးစေ့ဘဏ်တွင် စုဆောင်းထိန်းသိမ်း ထားသည့် မျိုးများအား ခံနိုင်ရည်ရှိမှု စမ်းသပ်ပြီး မျိုးကူးစပ်သူများမှ မျိုးစပ်ရာတွင် အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ စပါးခင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု သုတေသနတွင် တောင်သူများ အသုံးပြုနေသော နည်းစနစ်များနှင့် သိပ္ပံနည်းကျနည်းစနစ်များအားယှဉ်၍ စမ်းသပ်ခြင်းအားဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုအား သုတေသနပြုလုပ်ရန်၊ရာသီဥတုပြောင်းလဲလာမှုကြောင့် သီးနှံမျိုးများ၏ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော မျိုးများ၊ စိုက်နည်းစနစ်များကို သက်ဆိုင်ရာ ဒေသအလိုက် သုတေသနပြုဆောင်ရွက်ရန်၊ အပူပိုင်းဒေသရှိ စိုက်ပျိုးရေးတွင် အသုံးပြုနေသော မြေအောက်ရေများမှာ ရေငန်များဖြစ်၍ ၎င်းရေငန်များကို စိုက်ပျိုးရေးတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မေမိုးသဲ


