သတင်းဆောင်းပါး - ခင်ယော(ရူပ)
နှစ်စဉ်နှစ်တိုင်း ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါ အောက်တိုဘာလကုန်၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှသည် ဧပြီလကုန်လောက်အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၊ ဒေသကောလိပ်၊ ဒီဂရီကောလိပ်များ၊ တက္ကသိုလ်အသီးသီး၏ မြတ်ဆရာ အာစရိယပူဇော်ပွဲများကျင်းပမည့် ဖိတ်ကြားလွှာများကို နေ့စဉ်ထုတ်သတင်းစာများတွင် တွေ့ မြင်ဖတ်ရှုရသည်။
မြန်မာနိုင်ငံအနှံ့ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသူ အရာရှိကြီးများ၊ စစ်ဘက်၊ ရဲဌာနတို့မှ အငြိမ်းစားယူပြီးသူ ဝန်ထမ်းဟောင်းများ တွေ့ဆုံပွဲ၊ သက်ကြီး ဝန်ထမ်းဟောင်းများအား ပူဇော်ဂါရဝ လက်ဆောင်ပေးအပ်ပွဲများနှင့်အတူ ဝန်ထမ်း ဟောင်းများ၏ သားသမီးများကို ပညာရည်ချွန် ဆုပေးပွဲများနှင့် ဆင်းရဲနွမ်းပါးသူများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲများ ကျင်းပကြသည်။
မြို့နယ်အသင်းများကလည်း သက်ကြီး ပူဇော်ကန်တော့ပွဲ၊ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ၊ ပညာရည်ချွန် ဆုပေးပွဲများ ကျင်းပ ကြသည်မှာ နှစ်စဉ်ဖြစ်သည်။ ကျွန်မက အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ ဌာနမှ အငြိမ်းစား ကထိကတစ်ဦးဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် တိုင်းကောင်စီက ကြီးမှူး၍ မြန်မာပြည်အနှံ့ တိုင်းနှင့်ပြည်နယ် မြို့ ကြီးများတွင် ဒေသကောလိပ်များ စတင်ဖွင့်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို ကိုယ့်မြို့ကိုယ့်ဒေသရှိ ဒေသကောလိပ် အသီးသီးတွင် ပညာသင်ကြားနိုင်စေရန် ရည်ရွယ်သည်။
လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်
၁၉၇၆ ခုနှစ်၌ ကျွန်မသည် အမှတ်(၁) ဒေသကောလိပ်(ရန်ကုန်) ရူပဗေဒဌာနတွင် သရုပ်ပြဆရာမတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရသည်။ ပထမနှစ် သင်ကြားကာလ ပြီးဆုံးပြီးချိန်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးသူ ကျောင်းသား ကျောင်းသူများကို သက်မွေးဝမ်းကျောင်းပညာဖြင့် လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ အိမ်တွင်းမှုလုပ်ငန်းအတတ်ပညာ ဌာန၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ ပုံနှိပ် လုပ်ငန်းဌာန၊ အဆောက်အအုံ အတတ်ပညာဌာန၊ လျှပ်စစ်ဌာန၊ စက်ပြင်ဌာန၊ စားသောက်ကုန် လုပ်ငန်းအတတ်ပညာဌာန၊ ရုံးလုပ်ငန်း အတတ်ပညာဌာန၊ လုပ်ငန်းအုပ်ချုပ်မှုဌာန၊ သတ္တုပစ္စည်းဌာန၊ စာရင်းကိုင် အတတ်ပညာဌာန၊ လူထုဆက်သွယ်ရေးဌာန၊ ရုပ်ရှင်လုပ်ငန်း အတတ်ပညာဌာန၊ ရော်ဘာ ပစ္စည်းဌာန၊ ဓာတု ပစ္စည်းအတတ်ပညာဌာန စသည်ဖြင့် ဖွင့်လှစ် သင်ကြားခဲ့သည်။ လေးနှစ်တာကာလ ပြီးဆုံးပြီးနောက် လုပ်ငန်း အတတ်ပညာဌာနများမရှိတော့ဘဲ မူလကအတိုင်း ဒေသကောလိပ်အသီးသီး တို့တွင် ဝိဇ္ဇာနှင့် သိပ္ပံမေဂျာများ ပြန်လည် သင်ကြားပါသည်။
လုပ်သားများကောလိပ်
အမှတ်(၁) ဒေသကောလိပ်(ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ်(ဗိုလ်တထောင်နယ်မြေ)၊ ဗိုလ်တထောင် ကောလိပ်စသည်ဖြင့် ၁၉၇၆ ခုနှစ် မှ ၁၉၉၆ ခုနှစ်အထိ ယခင်က လုပ်သားများ ကောလိပ် ဗိုလ်တထောင်ဘုရားလမ်းရှိ လေးထပ်အဆောက်အအုံတွင် နှစ် ၂၀ ကြာ ဖွင့်လှစ်ခဲ့သည်။ နေ့ဘက် ဒေသကောလိပ် ကျောင်းသားများ သင်ကြားကြပြီး ညနေ ၅ နာရီခွဲမှ ည ၉ နာရီအထိ လုပ်သား များကောလိပ် ကျောင်းသားများ သင်ကြားသည်။
ယနေ့လက်ရှိတွင်မူ “အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ် (ဗိုလ်တထောင်)” ဖွင့်လှစ်ထားသည်။ ၁၉၇၆ ခုနှစ်မှ ၁၉၉၁ ခုနှစ် မတ်လကုန်အထိ အမှတ်(၁) ဒေသကောလိပ်မှ ဗိုလ်တထောင် ကောလိပ်အထိ နှစ်ပေါင်း ၁၅ နှစ်တိုင် ကျွန်မက သရုပ်ပြဆရာမတာဝန်ကို ရူပဗေဒဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ဘားအံဒေသ ကောလိပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည်။
“ကျွန်မဘဝအစ ဗိုလ်တထောင်ကောလိပ် က” ပါ။ ယနေ့မှာတော့ ကျွန်မ ပင်စင်စားတစ်ဦး ဖြစ်နေပြီ။
နှစ်စဉ် ၁၉၇၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပညာသင်ကြားခဲ့သော ကျောင်းသူ ကျောင်းသား ဟောင်းများက နှစ်ပေါင်း ၂၀ အတွင်း တာဝန် ထမ်းဆောင်ခဲ့သော ဌာနပေါင်းစုံ၊ လုပ်ငန်း အတတ်ပညာဌာနများမှ အသက် ၆၀ ကျော် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ ငွေစာရင်းမှူးများကို အာစရိယဂုဏ်ကို ရည်စူး၍ အာစရိယ ပူဇော်ပွဲများ ကျင်းပလာခဲ့သည်မှာ ၃၁-၃-၂၀၁၉ ခုနှစ်တွင် အဋ္ဌမအကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ ဆရာ ဆရာမပေါင်း ၃၀ဝ ကျော် ကန်တော့နိုင် ခဲ့သည်။
၁၉၇၆ ခုနှစ် ဒေသကောလိပ် စတင်ဖွင့်ချိန် မှ နှစ်ပေါင်း ၂၀ အတွင်း ပညာသင်ကြားခဲ့သူ ကျောင်းသား ကျောင်းသူများလည်း အသက် အရွယ်ကြီးရင့်ခဲ့ပြီ။ မြန်မာပြည်ဒေသအသီးသီး နှင့် က္ဘာ့နိုင်ငံအနှံ့ရှိ ဌာနပေါင်းစုံ၊ ဝန်ကြီးဌာန ပေါင်းစုံ၊ ကိုယ်ပိုင်လုပ်ငန်းများတွင် တာဝန်ယူ နေသည့် ရာထူးကြီးကြီး၊ လူကြီးများဖြစ်နေ ကြပြီ။
နိုင်ငံ့တာဝန်ထမ်းဆောင်
ဒေသကောလိပ်မှ အဆိုကျော်များ၊ ရုပ်ရှင် သရုပ်ဆောင်များ၊ ဆရာဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ တက္ကသိုလ်ကောလိပ် ပါမောက္ခ ကြီးများ ၊ ညွှန်ကြားရေးမှူးများ စသည်ဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြပြီ။
နှစ် ၂၀ အတွင်း တိုင်းပြည်အကျိုးပြုသူများ အများကြီးပေါ်ထွန်းခဲ့ပြီး လက်ရှိ နိုင်ငံ့တာဝန် ထမ်းဆောင်နေသူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်သည်လည်း တစ်ချိန်က ဗိုလ်တထောင် ကောလိပ် ရူပဗေဒမေဂျာ ကျောင်းသားဟောင်း တစ်ဦးဖြစ်၍ ဂုဏ်ယူမိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည်လည်း ငယ်ဘဝက ဗိုလ်တထောင်ကောလိပ် သင်္ချာဌာနမှ ဆရာတစ်ဦး ဖြစ်သည်။
ဒေသကောလိပ် လေးထပ်ဆောင်ကျောင်း က ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းဝင်း လောက်တောင် မကျယ်ပါ။ သို့ပေမယ့် ပညာတတ် အများကြီး ပေါ်ထွန်းခဲ့၍ ဂုဏ်ယူမဆုံးပါ။ ထူးခြားချက်က ထိုကျောင်းဝင်း ပတ်ဝန်းကျင်တွင် ဗာဒံပင်ကြီးများရှိသည်။ ကျောင်း သုံးထပ်ဆောင်မှ မြေပြင်အထိ ကြောင်လိမ် လှေကားရှိသည်။
၃၁-၃-၂၀၁၉ ခုနှစ် နံနက်မိုးလင်းကတည်း က ကျောင်းရှေ့သို့ ကန်တော့မည့် ကျောင်းသူ ကျောင်းသားများ ရောက်ရှိလာကြသည်။ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများလည်း စတင်ရောက်လာကြသည်။ ကြိုဆိုရေးအဖွဲ့များ က တစ်ဦးချင်းကို ကြိုဆိုကာ မြေညီထပ်ရှိ စာသင်ခန်းထဲတွင် မုန့်၊ ကော်ဖီ၊ ရေသန့်များနှင့် ဧည့်ခံပြီးမှ ခန်းမကြီးထဲသို့ သွားရောက်နေရာယူ ကြသည်။
ပြန်လည်တွေ့ဆုံဝမ်းသာပျော်ရွှင်
နှစ်ပေါင်းများစွာ ကွဲကွာနေပြီးမှ ပြန်ဆုံကြသည့် ကျောင်းသား ကျောင်းသူအချင်းချင်း၊ ဆရာကြီး ဆရာမကြီးအချင်းချင်း၊ တပည့်ဟောင်းများနှင့် ဆရာကြီးများ ပြန်လည်တွေ့ဆုံမှု ဝမ်းမြောက်ပျော်ရွှင်စွာ နှုတ်ဆက်ကြသည့် မြင်ကွင်းက ပျော်ရွှင်စရာများနှင့် ပြည့်နေသည်။ ဒေသ(၁) ခန်းမတစ်ခုလုံး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပြည့်လျှံနေသည်။ ခန်းမနှင့်မဆံ့၍ ခန်းမအပြင်၊ ခန်းမအပေါ်ထပ် သာမက တစ်ကျောင်းလုံး ကျောင်းသား ကျောင်း သူများကို မြင်တွေ့ရသည်။ ကြက်ပျံမကျ စည်ကား လို့နေသည်။
ကျွန်မ ခန်းမထဲဝင်သည်နှင့် တေးရေး ပက်ထရစ် ရေးသားပြီး ဒေသကောလိပ် ကျောင်းသားဟောင်း အဆိုတော် တူးတူး သီဆိုထားသည့် “ဗန်ဒါရိပ်ကောလိပ်” (ဗန်ဒါရိပ်လွှမ်း RC-1)သီချင်းကို ကြားရသည်။ ထပ်ကာ ထပ်ကာဖွင့်နေသည်။ ကျောင်းဝင်းထဲရှိ စိမ်းစိုနေသော ဗာဒံ(ဗန်ဒါ)ရိပ်အကြောင်း ပါသည်။ ကျောင်းပိတ်ရက်ရှည်ဆို လွမ်းတဲ့ အကြောင်း၊ နွေးထွေးတဲ့ စာသင်ခန်း၊ ကျောင်းဝင်းထဲရှိ ခုံရှည်တန်းလေးတွေ၊ ဗိုလ်တထောင် ဘုရားဝင်းထဲ မကြာခဏ သွားဖြစ်ကြတာ၊ ကြောင်လိမ်လှေကား အကြောင်းနှင့် သူငယ်ချင်းတွေ ပြန်လည် ဆုံချင်ကြတဲ့ အကြောင်းအရာတို့ဖြင့် သီဖွဲ့ ထားသည်။
နံနက် ၉ နာရီ အခမ်းအနား စတင်နေရာယူ ကြသည်။ ကျောင်းအုပ်ဆရာကြီးဟောင်း ဦးခင် မောင်လတ်က အဖွင့်အမှာစကား ပြောကြား သည်။ ကျောင်းအုပ်ဆရာကြီး ဝဏ္ဏကျော်ထင် ဦးမျိုးညွန့်(ဒု-ဝန်ကြီး-ငြိမ်း)ကတော့ ဒီနှစ် ဆရာကန်တော့ပွဲကို မတက်ရောက်နိုင်ပါ။ အဋ္ဌမအကြိမ် အာစရိယပူဇော်ပွဲ အတိုင်ပင်ခံဆရာကြီး ပါမောက္ခဒေါက်တာ ဦးတင့်လွင် (ရူပဗေဒဌာန-ငြိမ်း)က ၂၀၁၁ ခုနှစ် အာစရိယပူဇော်ပွဲ စတင်ကျင်းပခဲ့စဉ်မှ အဋ္ဌမ အကြိမ်မြောက်အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်မှုနှင့် အခက်အခဲများ စသည်တို့ ရှင်းလင်းပြောပြသည်။ ဆရာဟောင်းတစ်ဦး အနေဖြင့် နှစ်စဉ် အာစရိယပူဇော်ပွဲကို ဦးစီး အကြံဉာဏ်ပေးကာ ဦးဆောင်ခဲ့သူဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ကန်တော့ခံဆရာများကိုယ်စား ဝမ်းမြောက် ပီတိဖြစ်ရပါကြောင်း ပြောကြားသည်။ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ကျောင်းသားဟောင်း ဦးကျော်ဦးမော်က မေဂျာပေါင်းစုံ ကျောင်းသား ကျောင်းသူများ စုံစုံလင်လင် ကန်တော့မည့်သူနှင့် ကန်တော့ခံမည့်သူ ဆရာကြီး၊ ဆရာမကြီးများလည်းရှိပါမှ ကန်တော့ပွဲ ဖြစ်မြောက်မည် ဖြစ်ပါကြောင်း၊ လူမှုအကျိုးပြု အဖွဲ့၊ နာရေးကူညီမှု၊ ကျန်းမာရေးစောင့်ရှောက်မှု များလည်း ဖွဲ့စည်းထားပါကြောင်း ရှင်းလင်း တင်ပြသည်။
ပညာဒါနအခမဲ့သင်ကြားနေမှု အနေဖြင့် စေတနာမေတ္တာဖြင့် ရုံးလုပ်ငန်းဌာနမှ ဆရာဟောင်း ဦးမျိုးတင့်က သာကေတမြို့နယ်ရှိ သူပိုင်အိမ်ကို ကျူရှင်ခန်းဖွင့်ထားပေးသည်။ ပညာဒါနကို ဆင်းရဲနွမ်းပါး၍ ကျူရှင်မယူနိုင် သည့် အခြေခံပညာအထက်တန်း(တက္ကသိုလ် ဝင်တန်း)ကျောင်းသူ ကျောင်းသားများကို မေဂျာပေါင်းစုံ အငြိမ်းစားပါမောက္ခကြီးများက စေတနာဖြင့် လာရောက်သင်ကြားပေးသည်။ ကျောင်းသားဟောင်းများကိုယ်စား ဝင်းနိုင် ဇော် (၁၉၈၃-၁၉၈၄)ခုနှစ်မှ ကျောင်းသားဟောင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ မင်းကို နိုင်လည်း ဆရာကြီးများကို လာရောက်ဂါရဝပြု တာ တွေ့ရပါသည်။ အခမ်းအနားအပြီး ဆရာကြီး ဆရာမကြီး များကို နေ့လယ်စာဖြင့် ဧည့်ခံသည်။ ကျောင်းသား ကျောင်းသူ ဟောင်းများ၏ မိတ်ဆုံညစာစားပွဲကို အင်းလျားကန်စောင်းရှိ Golden Inya Restaurant (မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အင်းလျားလမ်း)တည်ရှိရာ ကျွန်းကလေးပေါ်တွင် ကျင်းပခဲ့သည်။
အားဖြည့်ကူညီဖျော်ဖြေ
ဒေသကောလိပ် အနုပညာအဖွဲ့မှ အရိုင်း၊ ညောင်ညောင်၊ အိန္ဒြာမိုး၊ စိမ်းမို့မို့၊ သန်းသန်းစိုး၊ စုလှိုင်နှင့် ဦးကျော်ဝင်း(မိုးသောက်ပန်း)၊ ဦးဝင်း မော်(ရွှေသံစဉ်)၊ ဦးထွန်းဇော်၊ ဦးအောင်ဝင်းတို့က အားဖြည့်ကူညီ ဖျော်ဖြေကြသည်။
ကျောင်းသားဟောင်းအဆိုတော် တူးတူး သီဆိုထားသည့် ဗန်ဒါရိပ်ကောလိပ် (ဗန်ဒါရိပ် လွှမ်း RC-1) သီချင်းကို တူးတူးနှင့် တွဲဖက်၍ ကျောင်းသူ ကျောင်းသားဟောင်းများက စုပေါင်းသီဆိုဖျော်ဖြေကြသည်မှာ စ၊ လယ်၊ ဆုံး သုံးကြိမ်တိုင်တိုင်ဖြစ်သည်။ အကများဖြင့် မြိုင်ဆိုင်လှသည်။ တူးတူး၊ စိမ်းမို့မို့တို့၏ သူငယ်ချင်း အဆိုတော် ကိုင်ဇာ၊ ဂရေဟမ်၊ ဟေမာနေဝင်း စသည့် နာမည်ကြီးအဆိုတော်တို့ကလည်း ညစာစားပွဲတွင် သီချင်းများလာရောက်ကူညီ သီဆိုပေးကြသည်။ အရိုင်း၊ ညောင်ညောင်တို့က အခမ်းအနားမှူးများအဖြစ် စီစဉ်တင်ဆက် ကြသည်။ ဟာသများနှင့် ဖျော်ဖြေသည်။
အတိုင်ပင်ခံဆရာကြီး၊ ဆရာမကြီးများ၏ ညွှန်ကြားမှု၊ အဋ္ဌမအကြိမ်မြောက် အာစရိယ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီတို့၏ စည်းလုံး ညီညွတ်မှုများကြောင့် အာစရိယပူဇော်ပွဲကြီး အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
“ရာသက်ပန် အာစရိယပူဇော်ပွဲကြီး” ဖြစ်မြောက် အောင်မြင်ပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း ရူပဗေဒဌာန မှကန်တော့ခံ ဆရာမတစ်ယောက်အနေနှင့် အမှတ်တရ ရေးသားရခြင်း ဖြစ်ပါသည်။ ။