၄ ဇူလိုင်

(ယခင်အပတ်မှ အဆက်)


ဟန်လင်းမြို့ဟောင်း


ရွှေဘိုဝန်းကျင်မှာ နောက်ထပ်လည်ပတ်စရာကောင်းတာ ကတော့ ဟန်လင်းမြို့ဟောင်းပါ။ နောင်များ အဆင်ပြေရင် သီးသန့်ထပ်ပြီး တင်ပြပေးချင်ပါသေးတယ်။ ဟန်လင်း မြို့ဟောင်းဟာလည်း သီးသန့်ရေးသားတင်ပြဖို့ အတော်လေး များပြားလို့ပါ။ အခုတော့ ရွှေဘိုသွားလည်ရင်း လမ်းကြုံဝင်နိုင်ဖို့ ပြေးပြေးလွှားလွှား ပေါ့ပေါ့ပါးပါးလေး ဖော်ပြပေးလိုက်ပါတယ်။ ဟန်လင်းမြို့ဟောင်းကို နိုင်ငံခြားသားတွေလည်း အလာများ ပါတယ်။ ဝက်လက်မြို့ကနေ ခြောက်မိုင်အကွာမှာရှိပြီး ရွှေဘို ကနေ ၄၅ မိနစ်လောက် ကားနဲ့ သွားရပါတယ်။ ရှေးပျူမြို့ဟောင်း ဖြစ်တဲ့ ဟန်လင်းမြို့ဟောင်းကို ၁၉၀၅ ခုနှစ်မှာ ကျောက်စာဝန် တော်စိန်ခိုကစပြီး တူးဖော်ခဲ့တာပါ။ ၁၉၆၁ - ၁၉၆၂ မှာ စနစ်တကျ မြေပုံထုတ်နိုင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ကာဗွန်စစ်ဆေးတဲ့ အဖြေအရ နောက်အကျဆုံး အေဒီ ၆ ရာစုအထိ ဖြစ်နိုင်တယ် လို့ ဖတ်မှတ်ခဲ့ရပါတယ်။

 

1

 


ဟန်လင်းမြို့ဟောင်းကို သွားတဲ့ လမ်းက ကျဉ်းပြီး တံတား တွေက ဟောင်းနွမ်းဆွေးမြည့်နေတာလေးတော့ ပြုပြင်စေချင်မိ တယ်။ စေတီပုထိုးတွေကို ရှေးဟောင်းအတိုင်းလေး မြင်ရတာ တော့ သဘောကျစရာပါ။ ဟန်လင်းမြို့ဟောင်းကို သွားလည်တဲ့ အခါ လမ်းဘေးဝဲယာမှာတင် ပုဂံလို ဘုရားပုထိုးတွေ တွေ့မြင် ရတာကိုက ခရီးသွားတွေရဲ့ စိတ်ကို ဆွဲဆောင်သွားပါတယ်။ ဓာတ်ပုံရိုက်ချင်စရာ မြင်ကွင်းတွေ ချည်းပါပဲ။ ပြီးတော့ ဟန်လင်း မြို့မှာ စိတ်ဝင်စားစရာ အိမ်တွင်းလုပ်ငန်းတွေလည်း ရှိနေတယ်။


ရွှေကူကြီးစေတီတော်


ဟန်လင်းမြို့ဟောင်းရောက်ရင် ဖူးမြင်ကြရမယ့် ဒီစေတီ ကြီးမှာ ဈေးရောင်းတဲ့ အစ်ကို၊ အစ်မတွေဟာလည်း ဖော်ဖော် ရွေရွေ ခင်ခင်မင်မင်နဲ့ ရောင်းကြတာ သတိပြုမိတယ်။ သူတို့ စကားဆိုပုံကလည်း ပွင့်လင်းရိုးသားကြတယ်။ ဘာရယ် မဟုတ်ဘူး ညနေခင်းလေး သူတို့ ဈေးသိမ်းချိန်မှ ရောက်သွား တော့ သူတို့လည်း သက်သောင့်သက်သာနဲ့ ကိုယ်တွေကို ရယ်မော စကားပြော ဈေးရောင်းကြရှာတယ်။ မာလကာသီးတွေ အားပေးဖြစ်ခဲ့သေးတယ်။ အတွင်းဘက်က ခေါင်းလောင်း ကြီးကလည်း စိတ်ဝင်စားစရာကောင်းသလို ရှေးရှေးက ဆင်းတုတော်ကြီးငယ် ဟူသမျှလည်း မှန်ပေါင်သွင်းပြထားတာ တွေ့ရပါတယ်။


ကမ္ဘာ့ အမွေအနှစ် အမှတ်အသား


ဒီအမှတ်အသားကျောက်စာရှိရာနေရာကိုလည်း ဓာတ်ပုံ လာရောက်ရိုက်ကူးကြသလို မြို့ဟောင်းရဲ့ အုတ်ရိုးတွေကိုလည်း ဒီနေရာမှာ တွေ့မြင်လေ့လာကြရပါတယ်။

 

1

 


ဟန်လင်းမြို့ဟောင်းအနီးက လေ့လာစရာလုပ်ငန်းများ


မြေပုံလေးတွေ နေရာတကာ ရှိနေတာသဘောကျမိတယ်။ ရွာတွင်းလေ့လာရေးအတွက် သိပ်အထောက်အကူပြုတယ်။ အိမ်တွင်းရိုးရာလုပ်ငန်းလေးတွေက စိတ်ဝင်စားစရာပါ။ ဒီမှာဆို ကုန်းတွင်းဆားချက် လုပ်ငန်းရှိတယ်။ အိုးလေးတွေနဲ့ မြေနဲ့ သေချာချက်တာကို လေ့လာကြရမယ်။ ထန်းလုပ်ငန်း၊ ပန်းပဲ လုပ်ငန်း၊ လှည်းဘီးလုပ်ငန်း၊ ရက်ကန်း၊ ရွှေချည်ထိုး၊ ပုတ်နဲ့ ထရံလုပ်ငန်းစတာတွေကို လေ့လာနိုင်လို့ ကျွန်တော်က ဒီဒေသ ကို သိပ်သဘောကျတာ။


ရေပူကန်နဲ့ ရေပူတွင်းငယ်လေးများ


ထူးခြားတဲ့ ဒီအရပ်မှာ ရေပူကန်တွေရှိတယ်။ အများအတွက် ဖွင့်ပေးထားတဲ့ ရေပူကန်ကို ဆောင်းတွင်းဆို ရွာခံတွေရော ဧည့်သည်တွေရော မပြတ်စည်ကားနေတာ။ အမျိုးသားနဲ့ အမျိုးသမီး ကန်ခွဲပေးထားတယ်။ ရေက ဆင်းဆင်းချင်းဆို အတော်ပူပါတယ်။ နောက်မှ ဒေသခံတွေ ဆင်းတဲ့နေရာကို ကြည့်ပြီး လိုက်ဆင်းတော့ အဆင်ပြေသွားတယ်။ မိုးတွင်းဆိုရင် တော့ ရေများရင် ရေပူမရတတ်ပေမယ့် မိုးနည်းသွားတာနဲ့ ရေပူက ရှိနေပြီးသားဖြစ်ပါတယ်။ ဒီမှာလည်း ရေပူလာစိမ်နိုင်ပါတယ်။

 

1

 


နောက်ထူးခြားတာက ရေတွင်းငယ်လေးတွေပါ။ ရွာတွေရဲ့ ရှေ့မှာ ရေချိုးဖို့ ရေတွင်းငယ် သေးသေးတွေ အပေါက် ငါးပေါက် ဖောက်ပြီး ဖော်ထားပေးတယ်။ ရေတွင်းငယ်က သိပ်မနက်ဘူး ရေအိုးတစ်အိုးစာလောက်ပဲ။ ထူးခြားစွာ ရေက သူ့အလိုလို ပြန်ပြည့်တယ်။ နောက်ထူးခြားတာက ရေတွင်း ငါးတွင်းမှာ တစ်တွင်းဆီရဲ့ အပူချိန်က မတူညီဘူး။ အဲ့ဒီတော့ ရေချိုးမယ်ဆို ဘယ်အပူချိန်နဲ့ ချိုးမလဲ ချိန်ညှိလို့ရသွားရော။ ကိုယ်တွေ မြို့ပြ မှာလို လျှပ်စစ်စက် အကူအညီမလိုဘူး။ သဘာဝက ချိန်ညှိပေး ထားတာကို ချိုးကြရတာပေါ့လေ။ ဆန်းကြယ်တဲ့ သဘာဝတရား ကြီးပါပဲ။


အပြန်လက်ဆောင်


ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူဆိုတဲ့ သီချင်းလေး အတိုင်း ခရီးထွက်တာများတဲ့ ကျွန်တော်လည်း ရွှေဘိုသနပ်ခါး တုံးတွေ ဝယ်ဖြစ်ပါတယ်။ ရွှေတန်ဆာဘုရားနားက ဆိုင်လေးမှာ ဝယ်တာ၊ လက်ဆောင်တွေ ဘာတွေလည်းရလို့ ပျော်တာ ပေါ့နော်။


ရွှေဘိုမြို့ဟာ ဦးအောင်ဇေယျရဲ့ အောင်မြေလည်းဖြစ်လို့လား မသိ၊ ဘော်ဒါတွေလည်းများသလို၊ အောင်မြေနင်း စာကျက်သူတွေလည်း မနည်း။ ကိုယ်ရောက်သွားချိန်က စာမေး ပွဲရာသီဆိုတော့ ပိုသိသာတယ်။ အရင်က လည်ပတ်စရာ မရှိပါဘူး လေလို့ ထင်ထားရာကနေ တကယ်ကို လည်ပတ်လေ့လာစရာ ပေါများတဲ့ ဒီအရပ်ကို ကျွန်တော် နောက်ထပ်လည်း လာလည် ချင်မိနေတာတော့ အသေအချာပါပဲဗျာ။ ။


အားလုံး အစဉ်ဘေးကင်းလုံခြုံ၊ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။


Thiha, the Traveller @ သီဟလုလင်