ရွှေဘို ၂၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်ဧက ၁၆၅၀ စိုက်ပျိုးလျက်ရှိရာ ဧက ၁၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နစ်နာမှုများ ရှိသည့်အပေါ် Covid-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် လယ်ယာကဏ္ဍ၏ မျိုးစေ့ ထုတ်လုပ်မှုတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ စပါးမျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ပွားများထုတ်လုပ်နိုင်ပြီး တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ဖူလုံစွာအသုံးပြု စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ အရည်သွေးကောင်း ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း) စပါးမျိုး မျိုးသန့်ပွားများ ထုတ်လုပ်ခြင်းကို တောင်သူပေါင်း ၄၈၄ ဦး၏ စိုက်ဧက ၁၆၅၀ တွင် စိုက်ပျိုးလျက် ရှိသည်။
အဆိုပါ စိုက်ဧက ၁၆၅၀ ကို (CERP) အစီအစဉ်ဖြင့် နိုင်ငံတော်မှ တစ်ဧကလျှင် တစ်သိန်းငါးသောင်းငါးရာကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်းက ပြောကြားသည်။
ထိုစိုက်ဧကများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး စိုက်ပျိုးပညာပေး ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်နည်းစနစ်(၃)မျိုးဖြစ်သည့် ပျိုးသက်နု ကောက်ကွက်ကျဲ (SRI)စနစ်ဖြင့် လည်းကောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းစနစ်ဖြင့် လည်းကောင်း၊ ၆ တန်း ၁ တန်းလှပ် ပျိုးစိုက်နည်းစနစ်ဖြင့် လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း ၎င်းထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


