ရွှေဘို   ဇွန် ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် တောင်သူများထံသို့ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရှင်ယွန်းစံခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ ကြောင်း သိရသည်။                      

 

ရှေးဦးစွာ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇာဇာမင်းက မျိုးစေ့ချ ကိရိယာကို သုံးစွဲခြင်းဖြင့် ပျိုးနှုတ်ခကောက်စိုက်ခများ သက်သာခြင်း၊ မျိုးစေ့နှုန်းထားသက်သာခြင်း၊ လေ၀င်လေထွက်ကောင်းမွန်ပြီး ပိုးမွှားရောဂါကျရောက်မှု သက်သာခြင်း၊ မျိုးစေ့ချကိရိယာကို ရေသွင်း ရေထုတ်လွယ်ကူသည့် လယ်မြေများတွင်သုံးစွဲနိုင်ကာ စနစ်တကျဆောင်ရွက်ပါက ကုန်ကျစရိတ် သက်သာပြီး စပါးအထွက်နှုန်းကောင်းမွန်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး‌ ​ဦးဆန်းဦးမှ မျိုးစေ့ချကိရိယာပေးအပ်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ (၅၀)ခုအား ကျေးရွာအုပ်စု()အုပ်စုမှ တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရွှေဘိုမြို့နယ်တွင် မိုးစပါး(၁၁၃၄၉၅)ဧက စိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)