ရွှေဘို ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေသော အသံဆူညံ အိတ်ဇောများအား တတိယအကြိမ်ဖျက်ဆီးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း အမှတ်(၁၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကျော်ဉီးထံမှ သိရသည်။
အဆိုပါ ဆူညံအိတ်ဇောများကို ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် ရထားသံလမ်းဘေးလမ်းမပေါ်တွင် ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ဦးဆောင်သော ဝန်ထမ်းများ၊ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်း ပါဝင်သော ဝန်ထမ်းများ၊ ရွှေဘိုခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စုစုပေါင်းလူဦးရေ ၁၀၀ ခန့် ပူးပေါင်း၍ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေသော ဆူညံ အိတ်ဇောများအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ ဖျက်ဆီးသော ဆူညံအိပ်ဇောအရေအတွက်မှာ အခု ၂၂၀ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၂၀၂၀ ခုနှစ် ဇူလိုင် ၁၅ ရက်အထိ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့သော ဆူညံအိတ်ဇော များဖြစ်ကြောင်း အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကျော်ဦးက ပြောသည်။
ရွှေဘိုမြို့ အမှတ် (၃)ရပ်ကွက်နေ ပြည်သူတစ်ဦးက “အခုလို အများပြည်သူ စိတ်အနှောင့် အယှက်ဖြစ်စေတဲ့ အသံဆူညံအိတ်ဇောတွေကို ဖျက်ဆီးဆောင်ရွက်မှုမှာ ဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်ပြီး ဆူညံအိတ်ဇောရောင်းချသူတွေနဲ့ တပ်ဆင်စီးနင်းတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့် ပါတယ်။ ယနေ့ ဆောင်ရွက်မှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါတယ်”ဟု ပြောသည်။
မိုးသောက် (ရွှေဘို)


