ရွှေဘို  ၂၃   သြဂုတ်  

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင်  သြဂုတ် ၂၃ ရက် နံနက် ၉ နာရီက  မုံရွာစက်မှုဇုန်ခွဲ (ရွှေဘို) သိမ်းဆည်းရာတွင် လျော်ကြေးပေးအပ်ရန် ကျန်ရှိသော A - Block အတွင်း လယ်ယာမြေ စုစုပေါင်း ဧရိယာ (၁၁ ဒသမ ၄၆ ) ဧကတွင် ပါဝင်သွားသည့် တောင်သူ ၁၅  ဦးအား မြေယာလျော်ကြေးငွေ ( ၅၃၀ ဒသမ  ၂) သိန်း ပေးအပ်ခြင်းအခမ်းအနားကို ရွှေဘိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ  တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ က  "မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို)ကို ကွင်း (၄) ကွင်းရှိ မြေဧရိယာ (၂၈၈ ဒသမ ၁၂၂ ) ဧကပေါ်တွင်  ၂၀ဝ၂ - ခုနှစ် ဇန်နဝါရီ  ၂၈ ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းဈေးများအပါအဝင် မြေကွက် (၃၅၁) ကွက်ဖော်ထုတ်၍ သတ်မှတ်နှုန်းဖြင့်လုပ်ငန်းရှင်များကိုရောင်းချခဲ့ပြီး ထိုရောင်းချရငွေဖြင့် စက်မှုဇုန်အတွက် အခြေခံအဆောက်အအုံများဖြစ်တဲ့ လမ်းတံတားနှင့် ရေ မီး လုပ်ငန်းများတွင် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း လက်ရှိအချိန်တွင် လုပ်ငန်းပေါင်း ၁၈၆ ခု လည်ပတ်လျှက်ရှိပြီး ထိုလုပ်ငန်းများက  လုပ်သားဦးရေ  ၁၀ဝ၀ ခန့်ကို အလုပ်အကိုင် ပေးနိုင်နေတာ တွေ့ရမှာဖြစ်ကြောင်း  ရွှေဘိုခရိုင်အတွင်း သိမ်းဆည်းမြေများအပေါ် မြေယာလျော်ကြေးပေးအပ်မှုအနေဖြင့်လည်း ရွှေဘိုမြို့ မြို့ရှောင်လမ်း (၃) မိုင် (၆) ဖါလုံ ဖောက်လုပ်ရာတွင် လယ်တစ်ဧက ငွေကျပ်သိန်း (၅၀) နှုန်း  ယာတစ်ဧက ငွေကျပ်သိန်း(၃၀) နှုန်းဖြင့် မြေဧရိယာ (၆၃  ဒသမ ဝ၇) ဧကအတွက် လျော်ကြေးငွေကျပ် (၂၇၆၁  ဒသမ ၃) သိန်းအား တောင်သူ ၇၀ ဦးထံသို့လည်းကောင်း နှစ်ရှည်ပင်(၇၀) ပင်အတွက် လျော်ကြေးငွေ (၂၂ ဒသမ ဝ၅ ) သိန်းအား တောင်သူ ၁၈ ဦးတို့အား ပေးအပ်နိုင်ခဲ့ကြောင်းနှင့် စက်မှုဇုန်အတွင်း ပါဝင်ခဲ့သောမြေယာများအတွက်   ၂၀၁၉ - ခုနှစ် ဇန်နဝါရီ  ၂၇  ရက်က  တောင်သူ ၃၂ ဦးအား လျော်ကြေးငွေကျပ်  (၃၀၉၇ ဒသမ ၁) သိန်း ပေးလျော်ခဲ့ပြီး  မြေယာလျော်ကြေးပေးအပ်နိုင်ရေးစိစစ်ရာတွင် ထပ်မံပြီး A - Block အတွင်း လျော်ကြေးပေးရန် ကျန်ရှိသည့်  လယ်မြေ ( ၉ ဒသမ ၃၂ ) ဧကနှင့် ယာမြေ ( ၂ ဒသမ ၁၄ ) ဧကတွင် ပါဝင်သော တောင်သူ ၁၅ ဦးအတွက်  လယ်တစ်ဧက ငွေကျပ်သိန်း (၅၀) နှုန်း  ယာတစ်ဧက ငွေကျပ်သိန်း (၃၀) နှုန်းဖြင့် စုစုပေါင်းလျော်ကြေးငွေ  ( ၅၃၀ ဒသမ  ၂ ) သိန်း ပေးလျော်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က  အမှာစကားပြောကြားခဲ့ပြီး လယ်မြေ ( ၉ ဒသမ ၃၂ ) ဧကအတွက် လျော်ကြေးငွေကျပ် ( ၄၆၆ ) သိန်းအား  တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး  ဦးမိုးကျော်သူ က ပေးအပ်ရာ တောင်သူများကိုယ်စား  မင်းကျောင်းကျေးရွာနေ တောင်သူဦးအောင်ကြည် မှ လက်ခံခဲ့သည်။

ထို့နောက် ယာမြေ ( ၂ ဒသမ ၁၄ ) ဧကအတွက် လျော်ကြေးငွေကျပ် ( ၆၄ . ၂ ) သိန်းအား   ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပေးအပ်ရာ တောင်သူများကိုယ်စား  မင်းကျောင်းကျေးရွာနေ  တောင်သူ ဦးဉာဏ်တင့်မှ လက်ခံခဲ့ကြောင်း သိရသည်။

မိုးသောက် (ရွှေဘို)