ရွှေဘို ၁၃ မေ   


စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ရွှေဘိုမြို့တွင်  မေ ၁၃ ရက် နံနက် ၁၀ နာရီက  ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်အရန်မီးသတ်စခန်းသို့  မီးငြှိမ်းသတ်ယာဉ်တစ်စီး လွှဲပြောင်းပေးအပ်ပွဲကို  ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့်ထံမှ သိရသည်။


ဧပြီ ၂၁ ရက် မွန်းလွဲ  ၁ နာရီက ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်  အ.ထ.က (၂) ကျောင်းရှိ  ငွေရတုခန်းမတွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ ပြည်သူတစ်ဦးမှ ၎င်းရပ်ကွက်တွင် မီးငြှိမ်းသတ်ယာဉ်တစ်စီး လိုအပ်လျှက်ရှိကြောင်း တင်ပြတောင်းခံခဲ့သည်။


တင်ပြမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့်  မေ ၁၃ ရက် နံနက် ၁၀ နာရီက ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် အရန်မီးသတ်စခန်းသို့ CNJ  မီးငြှိမ်းသတ်ယာဉ်အား လွှဲပြောင်းပေးအပ်ပွဲကို ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ရာ အမှတ်(၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမြင့်အောင်နှင့် ရပ်မိရပ်ဖများ အမှတ်(၁၀)ရပ်ကွက် အရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် က အမှတ်(၁၀) ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များထံသို့  မီးငြှိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။


မိုးသောက်(ရွှေဘို)