ရွှေဘို ၂၂ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၂ ရက်က ညမထွက်ရအမိန့် မလိုက်နာသူ (၈)ဦးကို ရွှေဘိုမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးလစီချမှတ်ခဲ့​ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။

စက်တင်ဘာ ၂၁ ရက် ည ၁၂ နာရီခွဲက ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့ပေါ်ရပ်ကွက်များသို့ လုံခြုံရေးလှည့်ကင်း ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့ပေါ်အတွင်း ခိုင်လုံသောအကြာင်းပြချက်မရှိဘဲ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကာ အကြောင်းမဲ့သွားလာနေကြသော ရွှေဘိုမြို့နေသူများဖြစ်သည့်  ဦးရှမ်း (၅၁)နှစ်၊ စံလင်းထွန်း (၂၄)နှစ်၊ အောင်ကျော်ကျော် (၃၁)နှစ်၊ အောင်ကိုဦး (၂၂)နှစ်၊ တိုးအောင် (၃၀)နှစ်၊ ဂျက်မောင်မောင် (၂၄)နှစ်၊ ဝင်းသက်နောင် (၂၁)နှစ်၊ မချောစုခိုင် (၃၂)နှစ်တို့ (၈)ဦးအား စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူ (၈)ဦးကို စက်တင်ဘာ ၂၂ ရက်က ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွှေဘိုမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ဦးရှမ်း (၅၁)နှစ်ပါ (၈)ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၈၈ အရ အလုပ်နှင့်ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့​ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၁ ရက်က ညမထွက်ရအမိန့်ကို မလိုက်နာသူ အမျိုးသား (၃)ဦးကို မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်တရားရုံးမှ သိရသည်။

မိုးသောက်(ရွှေဘို)