ရွှေဘို ၂၇ ဇွန်   


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဇွန် ၂၆ ရက် နံနက်ပိုင်းက   ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့်  မီးငြှိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်းများအား  ရွှေဘိုမြို့  အမှတ်(၅) ရပ်ကွက် ရန်မျိုးအောင်ကွက်သစ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း (ချစ်တီးကွင်း) အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး  မီးသတ်ဦးစီးမှူး  ဦးမင်းစမ်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့်က ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍  သရုပ်ပြမည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များမှ  တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ  ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်ရန်အတွက် ခွင့်တောင်းခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စတင်ခဲ့သည်။


ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု အနေဖြင့်  ငလျင်လှုပ်ခတ်မှုကြောင့်  ယာဉ်တိမ်းမှောက်ပြီး  ယာဉ်အောက်တွင် ပိမိနေသော လူနာကို Lifting Bag (မတင်ကရိယာ)၊ Hydraulic   Ram (မတင်ကရိယာ) Stabilizer (ထောက်ကန်ကရိယာ) အသုံးပြု၍ လူနာအား ကယ်ထုတ်ခြင်း၊ ယာဉ်အတွင်းပိတ်မိနေသော လူနာကို  Hydraulic   Ran  (မတင်ကရိယာ)၊   Hydraulic  Spreader (ချဲ့ကားကရိယာ)  နှင့် Hydraulic  Cutter  (ဖြတ်တောက်ကရိယာ)တို့ အသုံးပြု၍ လူနာအား ကယ်တင်ခြင်း   တိမ်းမှောက်နေသောယာဉ်အား  Heavy  Rescue  & Lifiting  Vehicle (44)  ton  ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့်  ဖယ်ရှားခြင်း၊  ပြိုကျနေသော အဆောက်အဦအောက်တွင်  ပိတ်မိနေသောလူများအား Wireless  Detector  &  Camera  ( Leader  Hasty)ဖြင့် လူနာအား အာရုံခံ၍   ရှာဖွေကယ်ဆယ်ခြင်း၊ Engine  Cutter  အုတ်ဖြတ်စက် အသုံးပြု၍  ပြိုကျနေသော ကွန်ကရစ်တုံးများအား ဖြတ်တောက်ခြင်းများ   ဖြစ်ကြောင်း သိရသည်။

 

မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများမှာ  မီးသတ်ဆေးဘူး၊  Dry  Chemical  Powder   Type၊   ရေစိုအဝတ်တို့ဖြင့် ဆီမီးလောင်မှုအား မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊  Fome  Truck  မီးငြှိမ်းသတ်ယာဉ်ဖြင့်  ဆီမီးလောင်မှု မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ အထပ်မြင့်တိုက်မီးလောင်မှုအား  လှေကားတင်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊   မီးငြှိမ်းသတ်ယာဉ်တစ်စီး  ရေသယ်ယာဉ်နှစ်စီးတို့ဖြင့်  မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများဖြစ်ကြောင်း  သိရသည်။  ဆက်လက်၍  အခြေခံပညာမူလတန်းကျောင်း (၁၅) ဆင်ရုံရပ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် ကျရောက်ပါက  ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း  ရှာဖွေကယ်ဆယ်ရေးနှင့်  မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများကို  ခရိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားသို့  လူဦးရေ ၅၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မိုးသောက်(ရွှေဘို)