ရွှေဘို ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် စာပေဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုးက ကျောင်းသားမောင်မယ်လူငယ်များအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိပြီး မြတ်နိုးထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပါမောက္ခချုပ်၊ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ဦးစီးမှူး ဦးအောင်မြင့်တို့က ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက်၊ ရွှေဘိုတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းဝင်းက “လွတ်လပ်ရေး၏အနှစ်သာရနှင့် လူငယ့်တာဝန်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ပါမောက္ခချုပ်ဆရာမကြီးက ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးအပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအောင်လံမြူးလွင့်ချိန်”၊ စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့အဓိဌာန်” ခေါင်းစဉ်များဖြင့် ကျောင်းသား/ကျောင်းသူ (၃၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)