နေပြည်တော်၊ ဧပြီ ၂
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ထိရောက်သောနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် ရေဆင်း သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ဧပြီ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးမင်းသူက မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး အသိပညာပေး ဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံ သဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှု ဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောကာ လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများအဖြစ် ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ထွန်းလင်း(ဇေယျာမြေ)
