ရေစကြို ၂ ဇွန်
ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကွေ့ဒေါင့်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုလျက်ရှိသဖြင့် ကမ်းပြိုအန္တရာယ်နှင့် နီးကပ်သော ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် ၃ လုံးအား ရွှေ့ပြောင်းရကြောင်း သိရသည်။

“မြစ်ရေတိုက်စားလို့ ကမ်းပြိုနေတော့ မေ ၂၈ ရက်နေ့ကစပြီးတော့ ဘုန်းတော်ကြီးကျောင်းရယ် သိမ်ကျောင်းရယ် ဖျက်ရတာပေါ့။ လူနေအိမ် ၃ လုံးကိုလည်း ဖျက်ထားရတယ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ သိမ်ကျောင်းဖျက်ထားတာကိုတော့ သင့်တော်တဲ့နေရာ စုပုံထားရတာပေါ့။ သံဃာတော်တွေကတော့ လောလောဆယ် အဲဒီဘုန်းကြီးကျောင်းဝိုင်းထဲမှာ ထန်းလက်တဲလေးထိုးပြီးတော့ သတင်းသုံးနေရတာပေါ့”ဟု ကွေ့ဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ဘုန်းတော်ကြီးကျောင်းမှာ ၆ ပင် ၉ ပင် အရွယ်ရှိ ကျောင်းဆောင်ကြီးဖြစ်ပြီး သိမ်ကျောင်းမှာ ၃ ပင် ပတ်လည်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
မြစ်ကမ်းပါးယံမှာ ဘုန်းတော်ကြီးကျောင်း ခြံစည်းရိုးနှင့် ပေ ၅၀ ခန့်သာ ကွာဝေးတော့သဖြင့် ကမ်းပြိုအန္တရာယ်မှာ ကျောင်းဆောင်နားနီးကပ်မှ ရွှေ့ပြောင်းပါက အချိန်မမီတော့မည်စိုးရိမ်သဖြင့် ကြိုတင်ကာ ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ဖြိုဖျက်ရွှေ့ပြောင်းမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများမှ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။ ကွေ့ဒေါင့်ကျေးရွာသည် ဧရာဝတီမြစ်ရေတိုက်စားသဖြင့် မနှစ်က အိမ်ခြေ ၅၃ အိမ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ကွေ့ဒေါင့်ကျေးရွာမှာ အိမ်ခြေ ၁၂၃ အိမ်ရှိပြီး အိမ်ထောင်စု ၁၅၀ ရှိကာ လူဦးရေ ၆၃၆ ဦးရှိကြောင်း သိရသည်။
“မနှစ်က ကမ်းပြိုလို့ ၅၃ အိမ်ပြောင်းရွှေ့ရတာပေါ့။ မနှစ်ကပြောင်းရွှေ့ရတဲ့ မိသားစုတွေနေဖို့ မြေဝယ်ထားတာ ၅ ဧက ရှိတယ်။ တစ်ဧကကို ၄၅ သိန်းပေးဝယ်ရတယ်၊ ၅ ဧကနဲ့ကတော့ ၅၃ အိမ်စာ မနေလောက်ဖူး၊ အိမ်ခြေ ၄၀ လောက်ပဲရမှာ၊ အဲဒါကြောင့် မြေထပ်ဝယ်ချင်တာပေါ့။ မြေကလည်း ရောင်းမယ့်သူတွေက ဈေးတက်လိုချင်ကြတယ်။ ဘယ်ဈေးလဲဆိုတော့လည်း ဈေးမပြောတော့ခက်တာပေါ့။ ဒီနှစ်မှာလည်း မနှစ်ကလို ကမ်းပြိုကြမ်းမှာ စိုးရိမ်နေရတာ၊ မနှစ်ကလိုပြိုရင်တော့ တစ်ရွာလုံးတောင် ပျောက်သွားနိုင်တယ်”ဟု ကွေ့ဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ယခင်နှစ်က ကမ်းပြိုသဖြင့် အိမ်များဖြိုဖျက်ကာ ရွှေ့ပြောင်းကြရသည့် ကမ်းပြိုရွှေ့ပြောင်း အိမ်ထောင်စုများသည် အချို့သူများမှာ ဆွေမျိုးသားချင်း နေအိမ်များတွင် ခိုကပ်နေကြလျက်ရှိပြီး အိမ်ခြေ ၁၂ အိမ်ခန့်မှာ ကွေ့ဒေါင့်ကျေးရွာအနီးရှိ ကြူရွာကျေးရွာမှ လယ်ယာမြေကွက် ၃ ဧကအား ၁ နှစ်လျှင် ငွေကျပ် ၁၀ သိန်းပေးကာ ငှားရမ်းနေထိုင်ကြရလျက်ရှိကြောင်း သိရသည်။
နယုန်ဝါဆိုလ မြစ်ရေတက်ကာ ကမ်းပြိုကြမ်းချိန်များတွင် မြစ်ကမ်းပါးပြိုကျကာ လူနေအိမ်များ ထပ်မံရွှေ့ပြောင်းရမည်ကို ကွေ့ဒေါင့်ကျေးရွာဒေသခံများ စိုးရိမ်ကြလျက်ရှိကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)