ရေစကြို  ၂ ဇွန် 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ရာသီဥတုပူပြင်းမှုကြောင့် ကွမ်းခြံများပျက်စီးသဖြင့် ကွမ်းရွက်ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ 

 

6005


             
“အပူချိန်များတော့ ကွမ်းရွက်ပင်က ရေငတ်လေပူတွေတိုက်နဲ့ဆိုတော့ အရိပ်မလုပ်ပေးရင် အရွက်ကောင်း မထွက်ဖူး၊ လိမ်တွန့်နေတာတွေ ထွက်လာတော့ ၁၀ ခြံရှိတာကို တစ်ခြံ၊ ၂ ခြံလောက်ပဲ အကောင်းထွက်တယ်၊ ကျန်တဲ့ ၈ ခြံလောက်က မကောင်းတာပေါ့။ ကွမ်းဈေးကွက်ကောင်းတယ် မကောင်းဘူးဆိုတာက စိုက်သူများတာ မများတာနဲ့မဆိုင်ဘူး၊ ရာသီဥတုပေါ်မူတည်တာ ရာသီဥတုက လွန်ကဲမှုဖြစ်စဉ်တွေဖြစ်လာလို့ရှိရင် ကွမ်းခြံပျက်တာပဲ” ဟု ကွမ်းခြံပိုင်ရှင် ဦးမင်းမင်းထွန်းက ပြောသည်။

ယခင်နှစ်များက ယခုအချိန်ကာလတွင် လက်လီဈေးနှုန်းမှာ ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၂၅၀ဝ ခန့်သာ ဈေးနှုန်းရှိရာမှ ယခုအခါ လက်လီဈေးနှုန်းမှာ ကွမ်းကြမ်း(ကွမ်းစိမ်း) တစ်ပိဿာလျှင် ငွေကျပ် ၁၀ဝ၀ဝ ပေါက်ဈေးရှိနေပြီး ကွမ်းနုဝါတစ်ပိဿာလျှင် ငွေကျပ် ၁၅၀ဝ၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ကွမ်းရွက်လက်ကားဈေးနှုန်းမှာ ယခင်နှစ်များက ယခုအချိန်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ဝ/၂၀ဝ၀ သာရှိခဲ့ကြောင်း သိရပြီး ယခုအခါ  လက်ကားဈေးနှုန်းမှာ ကွမ်းနုဝါတစ်ပိဿာလျှင် ငွေကျပ် ၁၀ဝ၀ဝ ဖြစ်နေကြောင်း သိရသည်။ လက်ကားဈေးနှုန်းအနေဖြင့် ယခင်နှစ်ပေါက်ဈေးထက် ၆ ဆခန့် ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကွမ်းခြံလုပ်ငန်းလုပ်တာ ၆ နှစ်ရှိပြီ၊ အခုလိုနွေရာသီမှာ တစ်ခါမှ မကြုံဖူးဘူး၊ စံချိန်တင်ဈေးဘဲ”ဟု ကွမ်းနုဝါခြံပိုင်ရှင်တစ်ဦးက ပြောသည်။
ကွမ်းရွက်ဈေးနှုန်း မြင့်တက်ရခြင်းမှာ ရာသီဥတုပူပြင်းသဖြင့် ကွမ်းရွက်များအထွက် မကောင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ကွမ်းရွက်ပင်များကို ဂရုတစ်စိုက် အရိပ်လုပ်ပေးခြင်း၊ ရေလောင်းပေးခြင်းများကို နေ့စဉ်ဆောင်ရွက်ပေးသော ကွမ်းခြံများသာ အထွက်ကောင်းပြီး ကွမ်းရွက်ဈေးကောင်းရလျက်ရှိကြကာ  ရာသီဥတုအလိုက် ဂရုတစ်စိုက်မရှိသော ကွမ်းခြံများမှာ ခြံလိုက်ပျက်စီးကြလျက်ရှိကြောင်း သိရသည်။ ထို့အတူ ကွမ်းယာဆိုင်များအနေဖြင့်လည်း ကွမ်းရွက်ဈေးမြင့်တက်မှုကြောင့် တွက်ခြေမကိုက်ဖြစ်ကာ ကွမ်းယာဆိုင်တစ်ချို့ ပိတ်သိမ်းထားကြရကြောင်း သိရသည်။

“အရင်ကတော့ ငွေကျပ် ၂၀ဝ ဖိုးကို  ကွမ်းယာ ၅ ယာပေးနိုင်တယ်၊ အခုကွမ်းရွက်ဈေးတက်တော့ ကွမ်းယာ ၄ ယာဘဲ ပေးနိုင်တော့တာ၊ ကွမ်းနုဝါက ကွမ်းကြမ်းထက် ဈေးပိုမြင့်တော့ ခါတိုင်းလိုကွမ်းနုဝါကို မသုံးနိုင်ဘူး၊ ဈေးသက်သာတဲ့ကွမ်းကြမ်းကိုဘဲ ရောင်းနေရတယ်။ ဒါတောင်ရောင်းရတာ တွက်ခြေမကိုက်ဘူး၊  တစ်ချို့ဆိုင်တွေဆို ပိတ်တောင်ထားကြတာ၊ ကွမ်းရွက်ဈေး သိသိသာသာ တက်လာတာက ၁၀ ရက်လောက်ရှိနေပြီပေါ့”ဟု ကွမ်းယာဆိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာပြည်တွင် ကွမ်းစားသူဦးရေ ၁၂ သန်းရှိသည့်အတွက် နေ့စဉ်ငွေကျပ် ၁၂ ဘီလီယံကို နေ့စဉ်ပါးစပ်ထဲစားပြီး ထွေးပစ်လိုက်၊ မြိုပစ်လိုက်တဲ့ အခြေအနေဖြစ်နေကြောင်း မေ ၂၉ ရက်က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်ပြောသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

အိမွန်ဆွေ(ရေစကြို)