ညောင်ဦး ၃၀ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏ တောင်ဘက်မုခ် မေတ္တာစောင်းတန်း အမြင့် ၁၀ ပေ၊ အလျား ပေ ၂၀၊ ထု လက်မ ၂၀ ရှိ စောင်းတန်း (ဘင်ထုပ်)သည် စက်တင်ဘာ ၂၉ ရက်နေံ နံနက် ၆ နာရီခွဲအချိန်က ပြိုကျခဲ့ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။
စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး၏ တောင်ဘက်စောင်းတန်းခေါ် မေတ္တာစောင်းတန်း မြောက်ဘက်အစွန်ဖျားဆုံး အပိုင်းရှိ စောင်းတန်း (ဘင်းထုပ်)ပြိုကျ ပျက်စီးခဲ့ကြောင်းသိရပြီး အဆိုပါ မေတ္တာစောင်းတန်း(ဘင်းထုပ်)အား ၁၉၆၁ ခုနှစ်က တည်ဆောက်ခဲ့ကာ အုတ်တိုင်နှစ်တိုင်အား ဆက်သွယ်ထားသည့် ကွန်ကရစ်ထုပ်တန်း ဖြစ်ကြောင်း သိရသည်။
စောင်းတန်း(ဘင်းထုပ်) ပြိုကျပျက်စီးမှုအား ညောင်ဦးမြို့နယ် အမှတ်(၄၁၅)တပ်ရင်းမှ အရာရှိစစ်သည်များ၊ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများအား စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ ပျက်စီးသွားသည့်နေရာအား ညောင်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ကပြန်လည်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း