ညောင်ဦး ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ရွှေစည်းခုံစေတီတော်ကြီး ဖောင်းလုံးကြီးများနှင့် ခေါင်းလောင်းတော်ကြီးရှိ ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသည့်လေလံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရွှေစည်းခုံစေတီတော် အင်္ဂါထောင့် မဏ္ဍပ်တွင် ကျင်းပသည်။
ဦးစွာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က ရွှေမိုက်ဆိုင်ရာကိစ္စများ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမောင်မြင့်မှ ရွှေမိုက်လေလံစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ရွှေမိုက်လေလံပွဲသို့ တက်ရောက်လာကြသူ လေလံဆွဲဝယ်မည့်သူများမှ ရွှေမိုက်လေလံကိစ္စနှင့်ပတ်သက်၍ မရှင်းလင်းသည့်ကိစ္စရပ်များအား ဆွေးနွေးမေးမြန်းရာ ဆွေးနွေးမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ထို့နောက် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ရွှေစည်းခုံစေတီတော်ကြီး ဖောင်းလုံးကြီးများနှင့် ခေါင်းလောင်းတော်ကြီးရှိ ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသည့် လေလံပွဲအခမ်း အနားစတင်ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့နှင့် မြန်မာပြည်အရပ်ရပ်မှ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံဆွဲမည့် လုပ်ငန်းရှင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း