နိုဝင်ဘာ

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်ဖြစ်ပွားနေမှုအခြေအနေအရ Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်အားလုံး ရောဂါအန္တရာယ် ကင်းဝေးစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး လျာထားပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများအား သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေအတွင်းရှိ ကြိုတင်ဆန္ဒမဲပေးရမည့်နေရာများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ ဆန္ဒမဲပေးရန်သွားရောက်ခြင်းများအတွက် ခြွင်းချက်ဖြင့် သွားလာခွင့်ပြုကြောင်း ၂၅-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၃၅ /၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၃။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေး လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကို ခွင့်ပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၅-၁၀-၂၀၂၀ ရက်စွဲပါအမိန့်အမှတ် (၁၃၇/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ stay at Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး ကြိုတင်ဆန္ဒမဲမပေးရသေးသော မဲဆန္ဒရှင်များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသား တစ်ဦးအားပေးအပ်ထားသည့် ရွေးကောက်တင်မြှောက်ခွင့် မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်