ရေကြည်  ၁၃   ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မဲရုံမှူးနှင့်အဖွဲ့ဝင်များ ပဏာမ စိစစ်ရွေးချယ်ခြင်းအတွက်‌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အ-ထ-က (၁) တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးအောင်ကျော်ကျော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် မြို့နယ်ပညာရေးမှူး ဦးသန်းမော်က“ တာဝန်ထမ်းဆောင်ရန်အတွက် မဲရုံမှူးနှင့်အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရာတွင် အဓိကမဲရုံမှူးသည် စွမ်းဆောင်ရည်ရှိသလို အတွေ့အကြုံလည်းရှိမည့်သူကို ရွေးချယ်ရန်၊ ဆရာ/ဆရာမများသည် ရွေးကောက်ပွဲတာဝန်ကို သန့်သန့်ရှင်းရှင်း တာဝန်ယူဆောင်ရွက်ရန်နှင့် မဲစာရင်းကြည့်တာကအစ မဲပေးတာအဆုံး ရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်နှင့်အညီ ဆောင်ရွက်ရန်" အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမြင့်သန်းက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီးနောက် ကြွရောက်လာသောပုဂ္ဂိုလ်များက သိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါမဲရုံမှူးနှင့်အဖွဲ့ဝင်များ ပဏာမစီစစ်ရွေးချယ်ခြင်း တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများ ပညာရေးဌာနမှအထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အောင်သူဟန်  (ရေကြည်)