နေပြည်တော် စက်တင်ဘာ ၁၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် စက်တင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်ရှိ မြန်မာ့လယ်ယာနှင့် စက်မှုသုံး ရော်ဘာပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၏ ပန်ကာကြိုးထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်သုံးသဲကာများ ထုတ်လုပ်ခြင်းနှင့် ရော်ဘာကြမ်းခင်းပြား (Rubber Floor Mats) ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်များ အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်ရေး၊ သွင်းကုန်အစားထိုးနိုင်မည့် စက်မှုသုံးရာဘာပစ္စည်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ များကို ဆွေးနွေးမှာကြားသည်၊၊

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပျဉ်းမပင်စက်မှုဇုန်၊ ဘိုခြံလမ်းရှိ (Authentic Production Co., Ltd) စက်ရုံမှ ရေပိုက်အမျိုးမျိုးနှင့် ရေသိုလှောင်ကန်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြောင်းလဲသက်ရောက်လာသော ရာသီဥတုကြောင့် ကြုံတွေ့နေရသည့် ရေချိုရှားပါးလာမှုကို ကျော်လွှားရာတွင် ရေချွေတာ စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုရန် လိုအပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေချွေတာနိုင်မည့် နည်းလမ်းများကို အသုံးပြုကာ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် လုပ်ကိုင်နိုင်ရန် ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်သည့် ရေပိုက်အမျိုးမျိုး တောင်သူများ အသုံးပြုရန် လိုအပ်ကြောင်း၊ အဆိုပါလိုအပ်ချက်ကို ပြည်တွင်းစက်ရုံများက ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေးသုံး PE ပိုက်ပျော့များ၊ အစက်ချပိုက်များ ထုတ်လုပ်ထားရှိမှုနှင့် ရေသိုလှောင်ကန်များကို ကြည့်ရှုအားပေးခဲ့သည်။

 

သတင်းစဉ်