ကျိုက်မရော ၂၇ သြဂုတ် 


မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော မိုးစပါးစိုက်ကွင်းများတွင် အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အခမဲ့ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က သြဂုတ် ၂၅ တွင် ကျိုက်မရောမြို့နယ် ဘာဘူကုန်းကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားခဲ့သည်။


အဆိုပါ တောင်သူများနှင့်တွေ့ဆုံပွဲ၌ တောင်သူများ၏တောင်းဆိုချက်အရ ရေကျချိန်တွင် မိုးစပါး ပြန်လည် စိုက်ပျိုးလိုသော လယ်သမားများအား ဝန်ကြီးဌာနအနေဖြင့် မျိုးစပါးများ ကူညီဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ရေပြန်ကျချိန်တွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် အသင့်စိုက်ပျိုးနိုင်ရန် ကောက်စိုက်စက်နှင့် ပျိုးဗန်းများ ကြိုတင်ပျိုးထောင်ထားရှိမှု၊ လက်တွန်းထွန်စက်နှင့် ကောက်စိုက်စက်များ အသုံးပြုလိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ချိုမြတ်မြတ်ထွေး (ကျိုက်မရော)