ပဲခူး   နိုဝင်ဘာ   ၂၄

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ဆောင်းသီးနှံ အထွက်နှုန်းကောင်း ပဲတီစိမ်း မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်က ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ကျင်းပသည်။

 

ရှေးဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့ မြို့တော်ခန်းမ၌ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ သည့် ဒေသခံပြည်သူများနှင့်လည်းကောင်း၊ သနပ်ပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများနှင့်လည်းကောင်း၊ ပဲခူးမြို့ သီရိဟံသာခန်းမ၌ ရေကြီးနစ်မြုပ်ပျက်စီးမှုကြောင့်   နစ်နာခဲ့ရသည့်   မိုးစပါးစိုက်တောင်သူများနှင့်လည်းကောင်း တွေ့ဆုံ၍  ဒေသ၊  ရာသီဥတုနှင့်ကိုက်ညီသော သီးနှံပုံစံများ စိုက်ပျိုးနိုင်ရေး၊ တစ်နှစ်သုံးသီး  တိုးချဲ့စိုက်ပျိုးနိုင်ရေး  မျိုး၊ မြေ၊ ရေ၊ နည်း စသည့်  နည်းလမ်းလေးသွယ်   ပြည့်စုံမှုရှိစေရေး ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။  ထို့နောက်  တောင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဆောင်းသီးနှံ  စိုက်ပျိုးနိုင်ရေး အထွက် နှုန်းကောင်း  ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးအပ်သည်။

 

ပဲခူးခရိုင်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့မှုကြောင့် ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့်  ကဝမြို့နယ်တို့တွင်  မိုးစပါးစိုက်ဧက ၇၆၈၁ ဧက  ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ပဲခူးမြို့နယ်  မယင်းကျေးရွာနေဝန်းနီ (သမဝါယမအသင်း လီမိတက်)၏ ငါးမွေးမြူရေးကန်သို့ရောက်ရှိရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် ငါးသားပေါက်များ အခမဲ့ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီး    ငါးကန်များအတွင်း ငါးသားပေါက်များထည့်ပေးခဲ့သည်။

 

ပဲခူးနယ်တွင်  စုစုပေါင်းငါးမွေးမြူသူ ၃၂ဦး၏ ငါးကန် ဧရိယာ ၂၂၂၁ ဒသမ ၁၁ ဧကတွင် ရေကြီးနစ်မြုပ်မှုကြောင့် ငါးများ လွတ်ထွက်ဆုံးရှုံး ခဲ့ရမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ငါးမွေးကန် တစ် ဧကလျှင် ငါးသားပေါက် ကောင်ရေ  ၃၀၀၀ နှုန်း အခမဲ့ ပြန်လည်ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)