ရန်ကုန် ၂၂ သြဂုတ်
မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့် စပါးစိုက်ပျိုးသည့် လယ်မြေအချို့ပျက်စီးခဲ့ပြီး ထိုသို့ပျက်စီးခဲ့သည့် လယ်မြေများတွင် အချိန်မီအစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများကို မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တောင်သူလယ်သမားများအတွက် အကြံပေးလမ်းညွှန်ချက်များ ပေးပို့ထားကြောင်းအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ထံမှ သိရှိရသည်။
အဆိုပါအကြံပြုချက်တွင် လက်ရှိရေလွှမ်းမိုးမှုမရှိသော စိုက်ခင်းများမှ ရက် ၃၀၊ ၄၀ သက်တမ်းရှိ သားတက် (၄) (၅) ပင်ထွက်နေသည့် ကောက်ပင်များကိုနုတ်၍ သားတက်များကို စနစ်တကျခွဲပြီး ချက်ချင်းစိုက်ခြင်း၊ (၄၀)ရက်သားခန့်အရွယ်ရှိ စပါးတစ်မြုံမှ သားတက်များခွဲ၍ ဆောင်ရွက်နိုင်ခြင်းဖြင့် တစ်ဧကစိုက်ခင်းမှ (၅) (၆) ဧက စိုက်ခင်းအထိ တိုးချဲ့ပွားယူစိုက်ပျိုးနိုင်သည်။ သက်တမ်း ၁၂၀ နှင့်အထက်ရှိ စပါးခင်းများကို ရွေးချယ်ရမည်ဖြစ်သည်။
ရေကြီးနစ်မြုပ်ခြင်းမရှိသည့် ကြဲခင်းများမှ ထူထပ်စွာပေါက်နေသော ကောက်ပင်များကို ၆ လက်မခြားချန်ပြီး ကျန်အပင်ငယ်များကို စနစ်တကျသားခွဲ၍ စိုက်ပျိုးရမည်။ ကြဲခင်းကိုခင်းပြတ်နုတ်၍ ပြန်လည်စိုက်ပျိုးခြင်းဖြင့် အချိန်မီပျိုးပင်လိုအပ်ချက်ကို ထိုနည်းလမ်ဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ရက် ၉၀ ခန့်သက်တမ်းတိုမျိုးများကို ရွေးချယ်ပြီး သိပ္ပံနည်းကျဘောင်စနစ်ဖြင့် ပျိုးထောင်၍ ၁၄ ရက်သားပျိုးပင်များဖြင့် စနစ်တကျ အချိန်မီစိုက်ပျိုးခြင်း၊ အောင်ရေပုံမှန်ရရှိနိုင်သည့် ဒေသများတွင် ရက် ၉၀ သက်တမ်းတိုများကို ၁ ဧက ၂ တင်းနှုန်း ကြဲပက်စိုက်ပျိုးခြင်း၊ ရေမြေအခြေအနေပေးပါက System of Rice Intensification (SRI) နည်းစနစ်ဖြင့် ပျိုးထောင်၍ စိုက်ပျိုးခြင်း၊ ရေမဝပ်သော ကုန်းမြင့်ဒေသများတွင် ခေတ်သစ်ပျိုးထောင်နည်း (Dapog) နည်းဖြင့်ပျိုးထောင်၍ ၁၄ ရက်သားပျိူးပင်များဖြင့် စနစ်တကျ အချိန်မီစိုက်ပျိုးခြင်း၊ ရေလွတ်သည့်နေရာ ကုန်းမြင့်များတွင် ရေကျချိန်၊ မိုးရေချိန်၊ စပါးသက်တမ်းတို့ကို အချိန်ညှိ၍ ကြိုတင်ထောင်ထားပြီး ရေကျချိန်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ကြရန် အကြံပေးလမ်းညွှန်ထားသည်။
အောင်သူရ


