မန္တလေး ၂၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ အလံတိုင်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော တွဲတစ်စင်း ဧရာဝတီမြစ်အတွင်းနစ်မြုပ်မှု ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်က ဖြစ်ပွားခဲ့ကြောင်း ရွှေကြက်ယက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးထံက သိရသည်။
မန္တလေးမြို့မှ မြောင်းမြမြို့သို့ ပို့ဆောင်ရန် ကုန်တင်ထားသည့် ဆင်ပေါင်ဝဲမြို့နေ ဦးတင်ကြိုင် (၅၂)နှစ် မောင်းနှင်သည့် အောင်စုမြိုင် ၁ တွဲတွန်း/တွဲဆွဲ သင်္ဘောသည် ရွှေကြက်ယက်တိုက်နယ်၊ အလံတိုင်ဆိပ်သို့ ဆိုက်ကပ်နေစဉ် နံနက် ၁၁ နာရီ ၄၅မိနစ်တွင် တွဲ CPR 0311-10- 1541 ခါးကျိုး၍ ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သင်္ဘောက ခါးကျိုးသွားပြီး နောက်မြှီးထောင်ပြီ တစ်ဖြည်းဖြည်းချင်းမြုပ်သွားတာ။ ကုန်တွေပါတော့ ငါးမိနစ်တောင်မကြာဘူး ရေထဲကိုမြုပ်သွားတာ၊ လူကတော့တစ်ယောက်မှ ပါမပါသွားဘူး။ ကယ်ဆယ်ရေးအဖွဲ့လည်း ချက်ချင်းရောက်လာတယ်။ သူတို့လာတော့ ဘာမှမမြင်ရတော့ဘူး တစ်စင်းလုံးမြုပ်သွားတယ်။ ဘာတွေတင်လာလည်းတော့ အစ်မလည်းမသိဘူး။ မိုးကာတွေနဲ့အုပ်ထားတာ'' ဟု အလံတိုင်ဆိပ်ကမ်းအနီးနေထိုင်သူ မသန္တာဝင်းကပြောသည်။
ကုန်တင်သင်္ဘော ခါးကျိုး၍ ဧရာဝတီမြစ်အတွင်း နစ်မြုပ်သွားသော်လည်း လူထိခိုက်မှု မရှိကြောင်းနှင့် နစ်မြုပ်ခဲ့သည့်နေရာသို့ အမရပူရမြို့နယ်ရဲတပ်ဖွဲ့၊ အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့များမှ ရှာဖွေကူညီများပြုလုပ်ခဲ့ကြောင်းနှင့် ဖြစ်ပွားသည့် အကြောင်းအရာများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။
အဆိုပါနစ်မြုပ်သွားသည့် ကုန်တင်တွဲသင်္ဘောသည် အလျား ၁၆၈ ပေ၊အနံ ၃၂ ပေ၊ အမြင့် ၈ ပေရှိပြီး သင်္ဘောပေါ်တွင် ဘိလပ်မြေအိတ် ၁၂၀ဝ၀ အိတ်အပြင် အခြားထုံးအိတ်များ၊ မြေဆီအိတ်များ တင်ဆောင်လာခဲ့ကြောင်း၊ ဧရာဝတီမြစ်အတွင်နစ်မြုပ်မှုကြောင့် ကုန်တွဲတန်ဖိုးကျပ်သိန်း ၂၀ဝ ခန့်၊ ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းကျပ် သိန်း ၇၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမရပူရ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခိုင်ဇေယျ


