ရွှေကျင် ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေးပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ရွှေကျင်မြို့နယ်၊ မြို့တော်ခန်းမ၌ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားတွင် ရွှေကျင်မြို့နယ် အုပ်ချုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် နိုင်ငံသား အခွင့်အရေးများအကြောင်း၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒတို့နှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းများကို အုပ်စုဖွဲ့၍ ကောက်ယူခြင်းများ ဆောင်ရွက်ကြသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံ ကရင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


