ရွှေကျင် ၇ ဇူလိုင်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရွှေကျင်မြို့ ခုတင်(၁၀ဝ) ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် ၇ နာရီက ၂၀၁၉ ခုနှစ် ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

1471

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာကိုဦး၊ ရွှေကျင်တပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်ထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးပေးကြသည်။

 

5409

 

ထို့နောက် ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့်အဖွဲ့သည် စုရပ်ထားရှိသော ခြေတော်ရာကျေးရွာသို့ သွားရောက်ပြီး ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးနေမှုနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးကာ မိဘအုပ်ထိန်းသူများနှင့် ကလေးငယ်များကို ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရွှေကျင်မြို့နယ်အတွင်း အပိုဆောင်း ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းအစီအစဉ်အား (၃)ကြိမ်ခွဲ တိုက်ကျွေးပေးမည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဇူလိုင်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်အား ဇူလိုင်လ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိလည်းကောင်း၊ တတိယအကြိမ်အား ဩဂုတ်လ(၄)ရက်နေ့မှ (၆)ရက်နေ့အထိလည်းကောင်း ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ခု၊ ကျေးရွာ (၁၂၈)ရွာမှ (၅)နှစ်အောက်ကလေး (၁၁၆၅၆)ယောက်အား ဆေးတိုက်စုရပ် (၁၂၄)ခုခွဲကာ ကျန်းမာရေးဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့(၄၄)ဖွဲ့တို့မှ လိုက်လံတိုက်ကျွေးပေးကြမည်ဖြစ်ကြောင်း သိရသည်။

ပိုလီယိုရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း အစီအစဉ်အား ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ ကရင်ပြည်နယ်တွင် (၇)မြို့နယ်နှင့် မွန်ပြည်နယ်တွင် သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များတွင် တစ်ပြိုင်တည်း ဆောင်ရွက်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)