ပုသိမ် ၂၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီး COVID-19 ရောဂါ မဖြစ်ပွားစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအား အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ရေနံ့သာလမ်းဆုံတွင် ဖွင့်လှစ်ထားရှိသည့် လုံခြုံရေးနှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
တာဝန်ရှိသူများမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်မှုအခြေအနေ ခရီးသွားမှတ်တမ်းရယူမှု အခြေအနေနှင့် လမ်းမကြီးပေါ်တွင် CCTV စနစ်တပ်ဆင်၍ စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်ထားခြင်း အခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်များအား ပေါ့ဆစွာ ဆောင်ရွက်ခြင်းမပြုရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ရေနံ့သာစစ်ဆေးဂိတ်တွင် အသုံးပြုရန်အတွက် PPE (၁၀)စုံ၊ Mask (၃၀၀)ခု၊ Face Shield(၂၀)ခု၊ Hand Sanitizer Gel (၂၀)ဘူး၊ ပိုးသတ်ဆေးရည် (၅)ဂါလန် (၁)ပုံး၊ Hand Glove (၂၀၀)စုံ၊ Mytel Sim Card (၅)ကတ်၊ Mytel ငွေဖြည့်ကတ်နှင့် MPT ငွေဖြည့်ကတ်များအား တာဝန်ရှိသူများထံ ဖြန့်ဝေပေးအပ်ခဲ့ကာ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် volunteers များအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


