ရွှေကူ ဇွန် ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၃၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၇၃)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ဇွန် ၂၉ ရက် ညနေ ၄ နာရီတွင် RDT (Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ အောင်မြေသာဇံမြို့နယ်၌ နေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသော ယာဉ်မောင်းအမျိုးသားအား ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ (ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT (Rapid Antigen Diagnostic Test Kit)ဖြင့် ပြန်လည်စစ်ဆေးရာမှ ဇွန် ၃၀ ရက်အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃)ဦးရှိပြီဖြစ်ကြောင်း၊ ၎င်းပိုးတွေ့လူနာ (၃)ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


