ရွှေကူ ၂၈ မေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ရေယာဉ်များ ကြီးကြပ်ရေး ကော်မတီရုံးတွင် ယနေ့ ပုဂ္ဂလိကပိုင် ရေယာဉ်များ ကြီးကြပ်ရေး ကော်မတီ ရွေးချယ်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု(ခ)ဦးတင်ယုက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် ကချင်ပြည်နယ် ရေကြောင်းဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းက ရေယာဉ်များ ကြီးကြပ်ရေး ကော်မတီရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းတင်ပြပြီး ရေယာဉ်များကြီးကြပ်ရေး ကော်မတီရွေးချယ်ရေး အဖွဲ့ဝင်များက ရွေးချယ်ခံ ကော်မတီဝင်အသစ် အမည်စာရင်း ရေးသွင်းခြင်း၊ အတည်ပြုခြင်းနှင့် ကော်မတီဝင်အသစ်များ ရွေးချယ်ခြင်းတို့ကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ကြပြီး ကော်မတီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့မှ ရွေးချယ်ခံရသည့် ကော်မတီဝင်များ၏ အမည်စာရင်းအား ဖတ်ကြားအတည်ပြုပေးခဲ့ကြသည်။
အဆိုပါ ပုဂ္ဂလိပိုင် ရေယာဉ်များကြီးကြပ်ရေးကော်မတီရွေးချယ်ရာတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးထွန်းညွန့်အား ရွေးချယ်၍ ကော်မတီဝင်(၆)ဦးပါရှိပြီး မြို့နယ်အတွင်း ရေယာဉ်များ မောင်းနှင် အသုံးပြုသွားလာရာတွင် လိုအပ်ချက်များအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း မောင်းနှင်အသုံးပြုရေး ကြပ်မတ်သွားမည်ဖြစ်ကာ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ရေယာဉ်ပိုင်ရှင်များနှင့် ရေယာဉ်လုပ်သား (၅၀)ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)