ဝါးခယ်မ  ၁၀  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာအုပ်စုရှိ ရွှေလောင်း တံတားဟောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖြုတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ  ရာခိုင်နှုန်းအပြည့်နီးပါး ဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဉ်များအား ယနေ့ နံနက် ၆ နာရီမှစတင်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွှေလောင်းတံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ကာ အရှည် ပေ ၁၉၀၀၊ တံတားအကျယ် ၃၀ ဒသမ ၅ ပေ၊ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၉ ဒသမ ၅၂ ပေ၊ တံတား၏ ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် ခန့်မှန်းခြေတန်ဖိုး (၅၄၃၅ ဒသမ ၇၀) သန်းရှိကာ တံတားတည်ဆောက်ရေးလုပ်ငန်းကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၅)မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အများပြည်သူသွားလာရ အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၅) မှ တာဝန်ရှိသူများက ကြီးကြပ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်နှင့်အညီ ခရီးသွားပြည်သူများ၊ မော်တော်ယာဥ်များအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

လွှမ်းသီဟ(ပြန်/ဆက်)