ရန်ကုန် ဩဂုတ် ၁၂
Assessor Methology သင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက် ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက “နိုင်ငံတော်အကြီးအကဲမှ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ် အလုပ်အကိုင်ကို အဓိက ဦးစားပေး၍ ကျွမ်းကျင်မှု အကဲဖြတ်ရန်နှင့် အထည်ချုပ်စက်ရုံများမှ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရန် လျာထားခဲ့ကြောင်း၊ လုပ်သားအင်အား ၁၀၀၀ နှင့်အထက်ရှိသည့် စက်ရုံများ၌ Chief Assessor တစ်ဦး၊ Assessor ငါးဦး၊ စုစုပေါင်း ခြောက်ဦးနှုန်း မွေးထုတ်ပေးရန်၊ အထည်ချုပ်လုပ်ငန်း စစ်ဆေးအကဲဖြတ်ရေးဌာနများ ဦးစားပေး တိုးချဲ့တည်ထောင်ရန် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ Assessor Methology သင်တန်းကို ဩဂုတ် ၁ ရက်က လှိုင်သာယာစက်မှုဇုန်တွင် ပထမအကြိမ် သင်တန်းသား ၇၀ ကျော်ဖြင့် ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း။
သင်တန်း ဆင်းများသည် စာတွေ့၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်ရန်လိုသဖြင့် Trial Test နှစ်ကြိမ် ပြုလုပ်ပြီး Chief Assessor နှင့် “စံ" သတ်မှတ်ရေးကော်မတီ၏ ထောက်ခံချက်ရရှိပါက Inspector၊ Assessor အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ကြောင်း၊ Assessor ဖြစ်ပြီးပါက NSSA လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မြန်မာ့လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် စက်ရုံ၊ အလုပ်ရုံများရှိ ဝါရင့် ကြီးကြပ်ရေးမှူးများကို စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့် တာဝန်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံ အလုပ်ရုံများရှိ Assessment Center များတွင် လုပ်သားများအား Skills Certificate ပေးအပ်နိုင်ရေး စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းများကို အမျိုးသားရေးစိတ်ဖြင့် အလုပ်ရှင်များက ပူးပေါင်းဆောင်ရွက်ရန် လိုသကဲ့သို့ အလုပ်သမားများကလည်း မိမိတို့ အသက်မွေးဝမ်းကျောင်းအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ရရှိရေး ကြိုးစားဆောင်ရွက်ရန် လိုကြောင်း။
လက်ရှိကာလတွင် စစ်ဆေးအကဲဖြတ်မှုများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ရာ အလုပ်သမားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ထူထောင်ချိန် သတ်မှတ်ထည့်ဝင်ကြေးကို ဥပဒေနှင့်အညီ အလုပ်ရှင်များအား ထည့်ဝင်စေပြီး စစ်ဆေးအကဲဖြတ်မှုများကို ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားများ ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်ခွင့်ရ၍ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို စစ်ဆေးရေးမှူးများဖြင့် ဆက်လက် မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်စေလိုကြောင်း၊ Assessor Methology သင်တန်းများ စီမံချက်ဖြင့် စက်မှုဇုန် အလိုက် ဖွင့်လှစ်ပေးရန်ရှိကြောင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေမည်ဖြစ်ကြောင်း” မှာကြားသည်။
သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဌာနမှ တိုင်းဦးစီးမှူးများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ (ACC) အဖွဲ့ဝင်များ၊ ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ" သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ၊ CMP အထည်ချုပ်စက်ရုံများမှ သင်တန်းသားများအပါအဝင် အင်အား ၁၀၀ ခန့် တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်