ကော့ကရိတ် ၂၁ ဩဂုတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော ရွှေလူကုန်း - နောင်ကိုင်းကျေးရွာ ရွာချင်းဆက် ကြိုးတံတားကို ဩဂုတ်လ တတိယအပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

 

အဆိုပါ ကြိုးတံတားသည် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၁၀၊ လူထုထည့်ဝင်ငွေ ၉၅၅၃၀၀ ကျပ်ဖြင့် ၁၂.၅.၂၀၂၀ ပြည့်နှစ် မေ ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ဩဂုတ် ၂၀ ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့သည်။ ကြိုးတံတာသည် အရှည် ၁၅၀ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၁၂ ပေဖြစ်ပြီး နောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ နောင်ကိုင်းကျေးရွာ၊ ရွှေလူကုန်း ကျေးရွာ၊ မိဖာလဲကျေးရွာ၊ နို့စောကျေးရွာနှင့် သိဝါးကျေးရွာတို့မှ  လူဦးရေ သုံးထောင်ကျော် အသုံးပြုနိုင်မည်ဖြစ်သည်။

 

ရွာသူရွာသားများအနေဖြင့် တံတားမရှိခင်အချိန်တွင် ချောင်းအားခက်ခဲစွာ ဖြတ်သန်းသွားလာရခြင်း၊ တောင်ကျရေများကျစဉ် ရေစီးသန်သည့်အတွက် တောင်ကျရေ နည်းသွားသည်အထိ အချိန်တစ်ရက်မှ လေးရက်ခန့် စောင့်ဆိုင်းရသောကြောင့် ကျေးရွာအတွင်းရှိ အရေးပေါ်လူနာများအား ဆေးခန်း၊ ဆေးရုံးရှိရာသို့ အချိန်မီပို့ဆောင် မပေးနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ကြားရာတွင် အခက်အခဲများ ရှိခြင်းနှင့် စားဝတ်နေရေးအတွက် ကူးသန်းသွားလာရေးတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

စောဌေးရီ(ကျေးလက်)