ရေး ၁၆ ဇူလိုင်

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဇီးဖြူသောင် ကျေးရွာ ရတနာအောင်မြေကျောင်းတိုက်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကံဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းကိုကိုဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် ပို့ချမည့် ဘာသာရပ်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနအပါအဝင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် လူကုန်တား/မှုခင်း ကျဆင်းရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ရေလုပ်သားများ ပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံရေး၊ ငါးဖမ်းရေယာဉ် ကုန်းပတ်အန္တရာယ်လုံခြုံရေး၊ မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေဆိုင်ရာများ၊ အလုပ်ရှင်နှင့်အလုပ်သမားများ လိုက်နာရမည့်ကျင့်ဝတ်များ၊ ရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (VMS)ဆိုင်ရာ ညွှန်ကြားချက်များ၊ မီးဘေးအန္တရာယ်လုံခြုံရေး၊ အသက်ကယ် ပစ္စည်းများနှင့် ရှေးဦးသူနာပြုစုနည်းများ၊ လူရေထဲကျစဉ် ဆောင်ရွက်ရမည့်အချက်များနှင့်  ဘာသာအရပ် အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။

 

သင်တန်းကာလမှာ သုံးရက်ဖြစ်ပြီး သင်တန်းသို့ ကမ်းဝေးပဲ့နင်းကြီးနှင့် ရေယာဉ်ရေလုပ်သား ၃၁ ဦးတို့ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာတွင် ဖွင့်လှစ်ပြီးနောက် အစင်ကျေးရွာနှင့် အဘော်ကျေးရွာတို့တွင် ဆက်လက်ဖွင့်လှစ်သွားမည်ကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုကိုဦးထံမှ သိရသည်။

 

အောင်ဖြိုး(ပြန်/ဆက်)