ရေနံချောင်း  ၁၈   ဩဂုတ် 

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရုံးဆိပ်ကျွန်းကျေးရွာ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ စိုက်ပျိုးမှုမပြုလုပ်ရသေးသည့် စိုက်ပျိုးမြေ ၂၅ ဧကခန့် ပျက်စီး သွားခဲ့ကြောင်း ဩဂုတ် ၁၈ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါကမ်းပြိုသည့်နေရာသို့ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းနှင့်၊ SAE ဦးရှိန်းထက်အောင်တို့က လိုအပ်သည်များဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။ 

 

ရုံးဆိပ်ကျွန်းကျေးရွာတွင် ဩဂုတ် ၈ ရက်မှ ၁၇ ရက်အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာနှင့် တဖြည်းဖြည်းနီးကပ်လာသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာဝန်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်းကာ ကမ်းပြိုမှုဆက်လက်မဖြစ်ပွားစေရေး သစ်ပင်သစ်ကိုင်းများဖြင့် ရေကာခြင်းများပြုလုပ်လျက်ရှိသည်။ အဆိုပါကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ကိုစိုးကြီး