မင်းဘူး ၂၁ စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ရန်ပုံငွေကျပ် ၂၇၉ ဒသမ ၉၇ သန်းဖြင့် ဇူလိုင်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်တဲ့အခါတွင် Type(1)တွင် အိမ်ခြေ ၁၀၁ အိမ်နဲ့ အထက်ကို ကျပ်သန်း ၃၀၊ Type(2)တွင် အိမ်ခြေ ၅၁ အိမ်ကနေ  ၁၀ဝ ကြားကို ကျပ်သန်း ၂၀ နဲ့ Type(3)တွင် အိမ်ခြေ ၅၀ အောက်ကို  ကျပ်သန်း ၁၀ ထုတ်ချေးပေးခြင်းဖြစ်ပြီး ကျေးရွာမတည်ရန်ပုံငွေ သုံးစွဲသူများ အနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးကာလအတွင်း အတိုးနှုန်းအနေဖြင့်   ကျပ် ၁၀ဝ လျှင် ပြား ၅၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

 

ရေနံချောင်းမြို့နယ်အတွင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာများမှာ Type(1) ကျေးရွာ ၈ ရွာနှင့် Type(2) ကျေးရွာ ၂ ရွာအား အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ဟု ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောသည်။

 

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတို့တွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၁၀၈ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄၀ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂ ဦး အသင်းဝင်စုစုပေါင်း ၁၃၇၅ ဦးအား စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကျေးရွာမတည် စီမံကိန်း ရန်ပုံငွေကျပ် ၂၇၉ ဒသမ ၉၇ သန်းအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းဆင်းထုတ်ချေးပေးထားကြောင်း ၎င်းကပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)