ရေနံချောင်း  ၄  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဂွေးကုန်း၊ ဝက်ဂေါင်း၊ စာဂီ၊ ဘူးကုန်းကျေးရွာ တို့တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၇၇ ဒသမ ၂ သန်းဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်  ဂွေးကုန်းကျေးရွာတွင် အနက်ပေ ၇၀၀ ရှိ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဝက်ဂေါင်းကျေးရွာတွင် အနက်ပေ ၁၀၀၀ ရှိ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ စာဂီကျေးရွာတွင် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဘူးကုန်းကျေးရွာတွင် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာလေးရွာရှိ လူဦးရေ ၃၃၂၁ ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်အပြင် ထိုကျေးရွာများရှိ ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ အကျိုးပြုတော့မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင် က ပြောပြ၍ သိရသည်။

သူရိန်(မင်းဘူး)