ရေနံချောင်း စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းဝင်ကျေးရွာ (၁၁) ရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ကျေးရွာလူထုကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာများ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းအစီအစဉ်များ ရေးဆွဲရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးသန်း​ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်အောင်ဦး၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (VDP) စီမံကိန်းဆောင်ရွက်မည့် ကြည့်မြင်ကျေးရွာ၊ ထိန်ချောင်းကျေးရွာ၊ သာလူးကန်ကျေးရွာ၊ ရွှေတုတ်ကန်ကျေးရွာ၊ မုန်ကန်ကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာ၊ အင်တောကျေးရွာ၊ ထနောင်းလှကျေးရွာ၊ မြောက်ရှားတောကျေးရွာ၊ ဝက်လွတ်ရွာမကျေးရွာနှင့် ဝက်မစွက်ကျေးရွာတို့အတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) စီဖြင့် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၁၀၀) ကို ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

နွဲ့ယဉ်