ရေနံချောင်း ၁၂ မေ
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် သက်ငယ်မုဒိမ်းမှု လျော့နည်ကျဆင်းရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာနှင့် ပင်းဝကျွန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်က အပူချိန် မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ ရေရှားပါးမှု၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးဘေး အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများကိုလည်းကောင်း၊ စာသုံးသူရေးရာ ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးခိုင်ဇော်လင်းက စားသုံးသူများ ဘေးကင်းလုံခြုံစေရန် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့် အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း ပြောကြားသည်။
ထို့နောက် Social Care Volunteer Group (SCVG) အဖွဲ့မှ ရေနံချောင်းမြို့နယ် တာဝန်ခံ ဦးနေဝင်းနိုင်က ကလေးများအတွက် တရားဥပဒေစိုးမိုးမှု စီမံချက်အရ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းစေရန် မိဘအုပ်ထိန်းသူများ လိုက်နာရမည့်အချက် (၁၀)ချက်နှင့် ကလေးသူငယ်များ လိုက်နာရမည့်အချက် (၁၀)ချက်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် Social Care Volunteer Group (SCVG) အဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး