တောင်ကြီး  ၃  ဇူလိုင်

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေနှင့် ဦးနေမျိုး၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များနှင့် ပရဟိတ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရွှေညောင်၊ ညောင်ရွှေမြို့ရှိ ကုန်တင်ကုန်ချလုပ်သားများ၊ အနှေးယာဉ်၊ လက်တွန်းလှည်းလုပ်သားများနှင့် စက်လှေလုပ်သား အခြေခံပြည်သူများ လက်ဝယ်အရောက် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အေးသာယာမြို့ရှိ ရွှေတောင်တန်း ပရဟိတဂေဟာသို့ရောက်ရှိပြီး ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ (၃၀၀)တို့အား စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင်ငွေကျပ်(၁၀၀၀၀)စီတို့ကို လှုဒါန်းပြီး ကမ္ဘောဇဘဏ် နာယကက အဆိုပါ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာတော်ထံ အလှူငွေကျပ် သိန်း(၃၀၀) ကိုဆက်ကပ်လှူဒါန်းသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေညောင်ဘူတာသို့ ရောက်ရှိပြီး ကုန်တင်ကုန်ချလုပ်သား ၈၀ နှင့် အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များ၊ ဗီတာမင်စီ အချိုရည်ဘူးများနှင့် တစ်ဦးလျှင်ငွေကျပ်(၁၀၀၀၀)စီတို့ကို လည်းကောင်း၊ ညောင်ရွှေမြို့ အင်းလေးလှေဆိပ်သို့ ရောက်ရှိပြီး စက်လှေလုပ်သား ၃၀၀ နှင့် အခြေခံပြည်သူများ အားစားနပ် ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀) စီတို့ကိုလည်းကောင်း၊ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ညောင်ရွှေမြို့၊ မေတ္တာမွန်ပရဟိတဂေဟာသို့ သွားရောက်ရှိပြီး ရှမ်း၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကယားတိုင်းရင်းသား ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ (၆၅)ဦး တို့အား စားနပ် ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀)စီတို့ကို ထောက်ပံ့ပေးအပ်သည့်အပြင် ကမ္ဘောဇဘဏ်နာယကက အလှူငွေကျပ်သိန်း(၁၀၀)ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာသနာ့ရောင်ခြည်ပရဟိတ ကျောင်းသို့ရောက် ရှိပြီး ကျောင်းသားကျောင်းသူများ (၆၀)တို့အား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀)စီ တို့ကို ပေးအပ်လှူဒါန်းပြီး ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း က အဆိုပါ ပရဟိတကျောင်းအတွက် အလှူငွေကျပ်သိန်း(၁၀၀)ကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်း သိရသည်။

ကမ္ဘောဇဘဏ်သည် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်KBZ MS General Insurance၊KBZ Life၊Myanmar Airways International MAI နှင့် Air KBZ တို့နှင့်လက်တွဲ၍ ဖေဖေါ်ဝါရီလ (၂၆) ရက်မှ ယနေ့အချိန်အထိ ငွေကျပ်သိန်းပေါင်း ၅၂၉၂၀ သိန်း(ကျပ်သိန်းပေါင်း ငါးသောင်း နှစ်ထောင့် ကိုးရာ့နှစ်ဆယ်) လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

 

စိုးညွှန့်ရွှေ (ပြည်နယ် ပြန်/ဆက်)