ရေဖြူ ၅ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ မူးဒူး၊ ထိန်ကြီး၊ လဲရှောင်၊ ပရဒပ်ကျေးရွာအုပ်စုတို့ရှိ မဲရုံ (၁၀) ရုံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့ နံနက် ၈ နာရီခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်နှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးမှူးဒေါ်နှင်းအိဝင်း၊ တိုင်းရင်းဆေးဦးစီးဌာန တာဝန်ခံ ဆရာမ ဒေါ်သီလာမိုးတို့က မူးဒူး၊ ထိန်ကြီး၊ လဲရှောင်၊ ပရဒပ်ကျေးရွာများရှိ ကြိုတင်မဲများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေ၊ မဲရုံများခင်းကျင်း ပြင်ဆင်ထားရှိမှု၊ မဲရုံသုံးပစ္စည်းများ စုံမစုံ၊ မဲစာရင်းစာရွက်များ ပြည့်စုံမှန်ကန်မှု ရှိမရှိ အခြေအနေများ အားကွင်းဆင်းစစ်ဆေးခဲ့သည်။
နိုဝင်ဘာ ၈ ရက်နေ့၌ ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများအား တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။
ရေဖြူ (ပြန်/ဆက်)


