ရန်ကုန်     နိုဝင်ဘာ    ၁၇

 

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ကုန် ပိသာချိန် ၃ သိန်းခွဲမှ ၄ သိန်းအထိ ဝင်‌ရောက်လျက်ရှိပြီး တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း အလှူအတန်းများချိန်၌ပင် စားသုံးမှုဖူလုံအောင် ဖြန့်ချိ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးနှင့် လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးတို့မှ ရန်ကုန်တိုင်းဒေသကြီးနှင့် နိုင်ငံတစ်ဝန်းသို့ ပြည်တွင်းစားသုံးမှုအတွက် ရေထွက်ကုန် ပစ္စည်းများ နေ့စဉ်ဖြန့်ချိလျက်ရှိသည်။

 

“ပြည်ပပို့ကုန်နည်းသွားပေမယ့် ငါးဈေးတည်ငြိမ်နေတဲ့အတွက် ပြည်တွင်းစား သုံးမှု ပုံမှန်အတိုင်းလည် ပတ်နေပါတယ်။  ပြင်ဦးလွင်၊ အညာဒေသ၊ မန္တလေးနဲ့ပုသိမ်ကို အများဆုံးတင်ပို့ရတယ်။ ပွဲတော်ကာလဆိုတော့ မန္တလေးနဲ့ပုသိမ်ဘက်က ရေထွက်ကုန် ယူတာများတယ်။ ရေထွက်ကုန်စည်ဒိုင်တွေကို နိုင်ငံတော်ကသက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတဲ့ အတွက် ငါးဒိုင်တွေအဆင်ပြေကြတယ်။ ပုံမှန်ကုန်စည်စီးဆင်းနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ‌အခုလို အလှူအတန်းကာလမှာ ရေချိုနဲ့ ရေငန်ငါးပိဿာချိန် ၃ သိန်းကျော်ကနေ ၄ သိန်းအထိဝင်‌ရောက်နေပြီး ရန်ကုန်မြို့နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို နေ့စဉ်ရေထွက်ကုန်တွေ တင်ပို့နေ ပါတယ်”ဟု ရွှေပိတောက်ငါးဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျင်စော က ပြောသည်။

 

၂၀၁၄-၂၀၁၅ ခုနှစ် ရွှေပိတောက်ငါးဈေးကြီး ဖွင့်လှစ်ချိန်တွင် ကုန်စည်ဒိုင်အနည်းငယ်သာရှိ၍ ရေထွက်ကုန်စီးဆင်းမှု လျော့နည်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ စတင်ကာ နိုင်ငံတစ်ဝန်းသို့ ရေထွက်ကုန်အများဆုံး တင်ပို့ရာ ဈေးကြီးတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

 

ရွှေပိတောက်ငါးဈေးကြီးတွင် ပုစွန်နှစ်ကျပ်သားဆိုဒ် တစ်ပိဿာလျှင် ကျပ် ၂၆၀၀၀၊ ၄ ကျပ်သားမှ ၆ ကျပ်သားဆိုဒ်  ကျပ် ၃၀၀၀၀၊ တစ်ဆယ်သားဆိုဒ် တစ်ပိဿာလျှင် ကျပ် ၅၀၀၀၀၊ ၁၅/၂၀ ကျပ်သားဆိုဒ် တစ်ပိဿာလျှင် ကျပ် ၆၀၀၀၀၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၆၃၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀၊ ငါးတန် တစ်ပိဿာလျှင် ကျပ် ၅၀၀၀၊  ရေငန် ရွှေငါး တစ်ပိဿာလျှင် ကျပ် ၄၅၀၀၊ ပလာတူး တစ်ပိဿာလျှင် ကျပ် ၅၀၀၀၊ မျက်ကြယ် တစ်ပိဿာလျှင် ကျပ် ၄၅၀၀၊ ငါးကျီးကန် တစ်ပိဿာလျှင် ကျပ် ၄၅၀၀၊ ပြည်ကြီးငါး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ကင်းမွန် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ နှင့် ရေဘဝဲ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

 

ရွှေပိတောက်ငါးဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၃၈၀ နှင့် ပျံကျဆိုင်ခန်းငယ် ၈၈ ခန်း တို့ဖြင့် နေ့စဉ် နံနက်(၄)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်လျက်ရှိပြီး ကုန်ကြိုသူများ၊ ကုန်ပို့သူများဖြင့် စည်ကားလျက်ရှိသည်။

ဓာတ်ပုံ - ကနူး

 ညိမ်းသူ(သတင်းစဉ်)