ရွှေသောင်ယံ ၁၄ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဇူလိုင် ၁၂ ရက် နံနက်(၁၀)နာရီက သဘော့ကန်ကျေးရွာ အ.ထ.ကကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆိုင်းနော်နော်တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်စန္ဒာဆွေမှ ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသော ဌာနအသီးသီးမှ ၎င်းတို့၏ ဌာနလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သက်ငယ်မုဒိန်း စသည့်အချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြသည့်အပေါ် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနအသီးသီးမှ ပြန်လည်ဖြေကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်မှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်း ၁၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


