ရွှေသောင်ယံ ၃၀ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့တို့တွင် ဩဂုတ် ၂၉ ရက် ည ၁၁ နာရီမှ စတင်၍ ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အား စတင်သုံးစွဲခွင့် ရပြီဖြစ်ကြောင်း သိရသည်။

 

၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် 11/KV ဓါတ်အားလိုင်း၊ 400V ဓါတ်အားလိုင်းများ၊ 11/0.4KV Transformer များ တည်ဆောက်ခြင်း၊ ချောင်းသာမြို့တွင် ၂၀၁၈-၂၀၁၉ ပြည်ထောင်စုရန်ပုံငွေဖြင့် 66/11KV (20)MVA ဓါတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် ငွေဆောင်နဲ့ ချောင်းသာတို့တွင် 66KV ဓါတ်အားလိုင်း ၁၂ ဒသမ ၃၆ မိုင် တည်ဆောက်မှု၌ မြေပြင်သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးပြဿနာများကြောင့် ယခင် သတ်မှတ်ကာလ ဓါတ်အားဖြန့်ဝေနိုင်မှုလုပ်ငန်း အနည်းငယ်ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ယခုအချိန်မှာတော့ မြေပြင်အခက်အခဲများအားလုံးကို ညှိနှိုင်းပြီးစီးကျော်ဖြတ်၍ ၂၄ နာရီအပြည့် လျှပ်စစ်ဓါတ်အားကို ပြည်သူများထံ အရောက်သုံးစွဲနိုင်အောင် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

 

ယခင်က လျှပ်စစ်ဓါတ်အားကို အချိန်ပိုင်းသာ သုံးစွဲခွင့်ရခဲ့ရာမှ ယခုလို လျှပ်စစ်မီးကို ၂၄ နာရီအပြည့် သုံးစွဲခွင့်ရရှိမှုအပေါ် ဝမ်းသာပီတိဖြစ်ရပါကြောင်းကို ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

 

ရွှေသောင်ယံ (ပြန်/ဆက်)