ငပုတော ၁၂ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးအပါအဝင် ရေနေသတ္တဝါများ၏ သယံဇာတများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပင်လယ်၊ မြစ်၊ ချောင်း စသည်တို့တွင် ငါးဖမ်းသည့် ရေလုပ်သားများအား ငါးဖမ်းခွင့်ရာသီများကို အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရေနေသတ္တဝါများ မိတ်လိုက်မျိုးပွားရာသီချိန်တွင် လအလိုက် ဝယ်ယူစုဆောင်းခွင့်ကာလ ပိတ်ပင်သည့် ရေနေသတ္တဝါအမျိုးအစား ၆ မျိုးအား ငါးလုပ်ငန်းဦးစီးဌာနမှ မေလပထမပတ်က ထုတ်ပြန်ထားကြောင်း သိရသည်။

ဝယ်ယူစုဆောင်းခွင့် ပိတ်ပင်သည့်ကာလ ထုတ်ပြန်ထားသည့် ရေနေသတ္တဝါအမျိုးအစား ၆ မျိုးမှာ ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ငါးလင်ဘန်းငါး အမျိုးအစားအား ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိလည်းကောင်း၊ ကျောက်ငါးအား ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိလည်းကောင်း၊ ကကတစ် (ကသပေါင်း/ငါးသားဒိုက်)ငါး အမျိုးအစားအား ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိလည်းကောင်း၊ ရေချိုငါးအားလုံးအား မေလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိလည်းကောင်း၊ ရေချိုပုစွန်အား ဧပြီ ၁ ရက်မှ ဇွန်လ ၃ဝ ရက်အထိလည်းကောင်း၊ ရေငန်ပုစွန်အား ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိလည်းကောင်း အသီးသီး အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)