ရေတာရှည် ၃၁ သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် သြဂုတ် ၃၀ ရက် ညနေပိုင်းမှစတင်၍ ညပိုင်းအထိ ၈ နာရီကြာ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တောင်ကျရေများကြောင့် ကွင်းကြီးကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာအုပ်စုအကြား အနောက်မှအရှေ့သို့ စီးဆင်းသော ချောင်းငယ်ရေလျှံကာ ရန်ကုန်-မန္တလေး ကားလမ်းအနောက်ဘက်ခြမ်း သပြေတန်းကျေးရွာအတွင်း ရေအမြင့် ၂ ပေမှ ၃ ပေအထိ ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၀ ကျော် ရေနစ်မြုပ်လျက်ရှိကြောင်း သပြေတန်းကျေးရွာနေ ဒေသခံများက ပြောသည်။

 

“မနေ့မိုးက အတော့်ကိုများတယ် အရင်ရက်ကရွာတဲ့မိုးကြောင့် ကားလမ်းဘက်ခြမ်းအိမ်တွေထဲ ရေတက်နေတာ ညက ၁၁ နာရီလောက်ကတည်းက တောက်လျောက်တက်လာတော့တာပဲဟု ဆက်လက်ပြောသည်။ ရန်ကုန်-မန္တလေးကားလမ်း တိုးချဲ့သည့်အခါ ကျေးရွာနှင့် ကားလမ်းအကြား ရေမြောင်း ကျဉ်းမြောင်းသွားခဲ့ခြင်းဖြစ်ပြီး အထက်ပိုင်းက ဝင်ရောက်လာသော ရေစီးနှုန်းနှင့် ရေထွက်အားမမျှရာက နှစ်စဉ်လိုလို မိုးရာသီကာလရောက်တိုင်း ယခုလိုကြုံတွေ့ကြရခြင်း ဖြစ်သည်။

ကိုလွင်(ဆွာ)