ရွှေတောင် ၂၉ ဇူလိုင် 

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ကြပ်ကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ၁၁ ဒသမ ၅၀ သန်းဖြင့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်း များဆောင်ရွက်လျက်ရှိရာယခုအခါ ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော JUNE FOUR ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၄ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊  ဂါလန် ၂၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ× အနံ ၈ ပေ× အမြင့် ၈ ပေ ရှိသော ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြု ရန်ပုံငွေ ၁၁ ဒသမ ၅၀ သန်း ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။

 

စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ရွှေတောင် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေ၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဦးစီးမှူး ဦးမျိုးသိန်း (ညွှန်ကြားရေးမှူး)၊ ပြည်ခရိုင်ကျေးလက်ဦးစီးမှူး ဦးသိန်းထိုက်ဦး (ဒုတိယညွှန်ကြားရေးမှူး) တို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာ JUNE FOUR ကုမ္ပဏီမှတာဝန်ရှိသူများက  ကြပ်ကုန်းကျေးရွာ၌ ပထမအကြိမ်စက်ရေတွင်းတူးဖော်ရာတွင် ရေပိုက်ပြတ်ကျခဲ့သဖြင့် စက်ရေတွင်း အသစ်တစ်တွင်းထပ်မံတူးဖော်ခဲ့ရာ အနက်ပေ၄၀ဝ တွင် ရေကြောတွေ့ရှိခဲ့သဖြင့် တွင်းချဲ့ရေပိုက်ချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၄၀ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ ယခုတူးဖော်ဆောင်ရွက်နေသည့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးသွားပါက ကြပ်ကုန်းကျေးရွာရှိ အိမ်ခြေ  ၆၀ အိမ်မှ လူဦးရေ ၂၅၀ဦး အပါ အဝင် ကျွဲ နွား တိရစ္ဆာန်များပါ သောက်သုံးရေဖူလုံစွာရရှိလာတော့မည်ဟု ရွှေတောင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမျိုးသူ က ပြောပြ၍ သိရသည်။

 

ရွှေတောင်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၉၄ ဒဿမ ၇ သန်းဖြင့် အဝီစိတွင်းနက်ငါးတွင်း၊ တွင်းတိမ် ငါးတွင်း၊ အိမ်သွယ်ရေတိုင်စနစ် တစ်ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ငြိမ်းသူ(စလင်း)